ညှဉ်းပန်းနှိပ်စက်မှုများအား တားမြစ်ဆန့်ကျင့်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) ကို အစိုးရက လက်မှတ်ရေးထိုး ကျင့်သုံးလာစေရေး အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

ညှဉ်းပန်းနှိပ်စက်မှုများအား တားမြစ်ဆန့်ကျင့်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) ကို အစိုးရက လက်မှတ်ရေးထိုး ကျင့်သုံးလာစေရေး အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို
Published 27 June 2018

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားအား နာ/ကူအသင်းတွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ညှဉ်းပန်းနှိပ်စက်မှုများအား တားမြစ်ဆန့်ကျင့်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) ကို အစိုးရက လက်မှတ်ရေးထိုး ကျင့်သုံးလာစေရေး အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ဇွန် ၂၆ ရက်က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပခဲ့သည့် ညှဉ်းပန်းနှိပ်စက် ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားတွင် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) မှ အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က “စစ်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုရင် ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်ဖြစ်နေဦးမယ်။ အဲဒါကြောင့် ညှဉ်းပန်းနှိပ်စက်မှု ရပ်တန့်နိုင်ဖို့ ပပျောက်ဖို့က စစ်ပွဲတွေရပ်ဖို့ ဆိုတာကိုလည်း ကျွန်မတို့ တောင်းဆိုတာ ဖြစ်တယ်။ ကျွန်မတို့ မြန်မာပြည်မှာ ညှဉ်းပန်းနှိပ်စက်မှုက အပိုင်းနှစ်ပိုင်း တွေ့ရတယ်။ တိုင်းရင်းသားဒေသဘက်မှာ တစ်ပိုင်း၊ မြန်မာ ပြည်မကြီးမှာဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကြုံတွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေက တစ်ပိုင်း တွေ့ရတယ်။ နောက်တစ်ခုက အလုပ်သမားတွေကြား၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အိမ်အကူများ အကြမ်းဖက် နှိပ်စက်ခံရတာတွေ အားလုံးက ညှဉ်းပန်းနှိပ်စက်မှုထဲမှာပါတယ်။ ညှင်းပန်းနှိပ်စက်မှု ကျူးလွန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ ကျွန်မတို့က တောင်းဆိုတယ်။ ဒီတောင်းဆိုချက်တွေကို တကယ်အကောင်အထည် ဖော်နိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ထားတဲ့ UNCAT စာချုပ်ကို လက်မှတ်ထိုးပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တယ်” ဟု အခမ်းအနားတွင် ပြောကြားသည်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO) နှင့် အာရှတရားမျှတမှုနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR) စသည့် အရပ်ဖက် အဖွဲ့အစည်း ငါးခုမှ ပူးပေါင်း၍ အဆိုပါ အခမ်းအနားကို ကျင်းပကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ညှဉ်းပန်းနှိပ်စက် ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပခဲ့ရာ အတိတ်ကာလ တိုင်းရင်းသား ပြည်သူလူထုများအား လူမဆန်စွာ ဆိုးရွားရက်စက်သော ဖိနှိပ်ညှဉ်းပန်းမှုများကို သင်ခန်းစာယူပြီး နောင်အနာဂတ်တွင် ထပ်မဖြစ်စေရန်၊ ခေတ်အဆက်ဆက် ယုံကြည်ချက်ကြောင့် လူမဆန်စွာ ဆိုးရွားရက်စက်လှသော ဖိနှိပ်ညှဉ်းပန်းမှုများ ခံစားခဲ့ကြ၍ အသက်ဆုံးရှုံး ခဲ့ကြသူများနှင့် နစ်နာခဲ့သူများ၏ မိသားစုဝင်များအတွက် ပျောက်ဆုံးနေသော  အမှန်တရားနှင့် တရားမျှတမှုများ ပြန်လည်ရရှိရန်တို့ကို ရည်ရွယ်ကြောင်း သိရသည်။

ဆက်လက်၍ အစိုးရအနေဖြင့် လူသားချင်းစာနာမှု ဥပဒေများ၊ ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော (သို့) လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်နှင့် နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ စာချုပ်စာတမ်းများ၊ ဥပဒေများအားခြွင်းချက်မရှိ လက်မှတ်ထိုးကျင့် သုံးလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

၎င်းအခမ်းအနားကို လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဘာသာပြန် ထုတ်ဝေထားသော ညှဉ်းပန်းနှိပ်စက်မှုများအား တားမြစ်ဆန့်ကျင့်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) စာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် ညှဉ်းပန်းနှိပ်စက်မှု ရပ်တန့်ရေး အထိမ်းအမှတ် တီရှပ်များ ဝေငှခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကဗျာများ ရွတ်ဖတ်ခြင်းနှင့် တေးသံရှင်များက ငြိမ်းချမ်းရေး သီချင်းများ သီဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

UNCAT စာချုပ်အား အစိုးရမှ လက်မှတ်ရေးထိုးရန်အတွက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) မှ အဆိုတင်သွင်းရာ လွှတ်တော်မှ ထောက်ခံအတည်ပြုခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရက လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း အစိုးရသက်တမ်း ကုန်ဆုံးသည်အထိ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်း သိရသည်။