၂၁ ရာစု ပင်လုံတတိယအစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများအတွက် ကြိုတင်ပြင်ဆင်သော ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ အစည်းအဝေးများ နေပြည်တော်တွင် စတင်

၂၁ ရာစု ပင်လုံတတိယအစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများအတွက် ကြိုတင်ပြင်ဆင်သော ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ အစည်းအဝေးများ နေပြည်တော်တွင် စတင်
Published 27 June 2018

နိုင်ငံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ပြုလုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများအတွက် ကြိုတင်ပြင်ဆင်သော  ကဏ္ဍအလိုက်လုပ်ငန်း ကော်မတီအစည်းအဝေးများအား နေပြည်တော်၌ ဇွန် ၂၆ ရက်တွင် စတင်ပြုလုပ်သည်။

ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ၂၁ ရာစုပင်လုံ လုပ်ငန်းကော် မတီအစည်းအဝေးများဖြစ်သည့် လုံခြုံရေး ကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့်မြေယာနှင့်သဘာဝပတ်ဝန်း ကျင်ကဏ္ဍများကို ဆွေးနွေးမှုများပြုလုပ်နေပြီး လုပ်ငန်းကော်မတီဝင်များဖြစ်သည့် အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားများ တက်ရောက်လျက်ရှိသည်။

“အခုညီလာခံမှာတော့ အရင်ညီလာခံမှာ တစ်ဆို့ခဲ့တဲ့ဟာတွေကို ခဏထားခဲ့မယ်။ တစ်ဆို့နေတာကို ထပ်ပြီးတော့ ရင်ဆိုင်မယ်ဆိုရင် အဖြေက မထွက်နိုင်ဘူး။ ဒါကြောင့် ညီလာခံမတိုင်ခင်က စုစည်းထားခဲ့တဲ့ အချက်တွေထဲကမှ ဒီညီလာခံမှာ အချက်လေးချက်ကို ရွေးချယ်မယ်ဆိုပြီးတော့ သဘောတူညီချက်ရခဲ့တယ်။ အဲဒီလေးချက်ကို အစုအဖွဲ့အလိုက် ဆွေးနွေးတဲ့အခါမှာ တော်တော်ကျယ်ပြန့်တာကို တွေ့ရတယ်။ ကျယ်ပြန့်တော့ ဒီလေးချက်ကို ညီလာခံမှာဆွေးနွေးရင်တော့ အပြီးအပြတ်ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် နှစ်ချက်ပဲ ဆွေးနွေးမယ်ဆိုပြီးတော့ ထပ်ပြီးသဘောတူလိုက်တယ်။ အဲဒီအချက်တွေကတော့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းနဲ့အခြေခံထဲက ကျား၊ မ တန်းတူပါဝင်ရေးနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ဆိုတဲ့ အချက်တွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု နိုင်ငံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီဝင် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက သတင်းထောက်များအား ပြောကြားသည်။

၂၁ ပင်လုံတတိယအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ တင်ပြထားသည့်အတိုင်း ဇူလိုင် ၁၀ ရက် (သို့မ ဟုတ်) ၁၁ ရက်တွင် ပြုလုပ်ရန်လျာထားပြီး ဇွန် ၂၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။

“ဒီနေ့ကတော့ တခြားခေါင်းစဉ်ကြီးတော့ မရှိဘူး။ အခုဆွေးနွေးတာကတော့ အခြေအနေကောင်းပါတယ်။ သဘောတူညီချက်တွေ ရပါတယ်။ နိုင်ငံရေးကော်မတီဘက် ကတင်ပြတဲ့ စာတမ်းရှိတယ်။ နောက်ပြီးတော့ EAO က တင်ပြတဲ့စာတမ်းရှိတယ်။ ဒီစာတမ်းတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စတွေလည်း ပါပါတယ်။ တိုင်းရင်းသားလူနည်းစု အခွင့်အရေးနဲ့ ကျားမတန်းတူရေးကို ဆွေးနွေးကြပါတယ်။ အခြေအနေကောင်းပါတယ်။ လူဦးရေ ဘယ်လောက်အောက်မှာရှိတယ်ဆိုရင် လူနည်းစုဆိုပြီး သတ်မှတ်ရမယ်။ ဒီလိုသတ်မှတ်ချက်တွေ ရှိတာပေါ့။ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးအတွက်ပါ။ နိုင်ငံသားအခွင့်အရေးဆိုတာလည်း ရှိတာပဲ။ ခွဲခွဲခြားခြားလေး သတ်မှတ်သွားဖို့ပါ။ အခုဆွေးနွေးနေတဲ့ ခေါင်းစဉ်အပေါ်မှာတော့ ကောင်းပါတယ်။ မျှမျှတတရှိပါတယ်။ ဖက်ဒရယ်မူနဲ့ လည်းတော်တော်များများ ကိုက်ညီပါတယ်” ဟု နိုင်ငံရေးကဏ္ဍလုပ်ငန်းကော်မတီဝင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက သတင်းထောက်များအား ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တင်သွင်းခဲ့သည့် အချက်ပေါင်း ၇၀ ကျော်ရှိပြီး အဆိုပါအချက်များကို ညီလာခံတွင် သဘောတူအတည်ပြုနိုင်ပါက အကျိုးရှိမည့် အချက်အလက်များဖြစ်ကြောင်း၊ ယခုပြုလုပ်နေသည့် ကဏ္ဍအလိုက်အစည်းအဝေး သုံးရက်အတွင်း ဆွေးနွေးချက်များကို စုစည်းကာ UPDJC သို့တင်သွင်းမည်ဖြစ်ပြီး UPDJC ကစာတမ်းများကို ဆွေးနွေးရန် သဘောတူခွင့်ပြုပေးပါက ဒုတိယအဆင့်အနေဖြင့် ဇူလိုင် ၄ ရက်မှ ၆ ရက်ထိ လုပ်ငန်းကော်မတီအစည်းအဝေးများ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်ရရှိသည့် အချက်များကို UPDJC သို့ ပြန်တင်ကာ UPDJC မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ပြန်တင်သွင်းမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

Most Read

Most Recent