ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်အပေါ် အဘက်ဘက်မှ စိုးရိမ်မှုများရှိနေပြီး ကောင်း မကောင်း နောက်ငါးနှစ်ကြာမှ ဆုံးဖြတ်ရန်နှင့် လစာမယူဘဲ ငါးနှစ်ကြာ လုပ်ကိုင်ပေးမည်ဟု NYDC ၏ CEO ဦးသိမ်းေ၀ ပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်အပေါ် အဘက်ဘက်မှ စိုးရိမ်မှုများရှိနေပြီး ကောင်း မကောင်း နောက်ငါးနှစ်ကြာမှ ဆုံးဖြတ်ရန်နှင့် လစာမယူဘဲ ငါးနှစ်ကြာ လုပ်ကိုင်ပေးမည်ဟု NYDC ၏ CEO ဦးသိမ်းေ၀ ပြောကြား
Published 24 June 2018

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်အပေါ် ပြည်သူလူထုအကြား အဘက်ဘက်မှ စိုးရိမ်မှုများရှိနေပြီး ကောင်း၊ မကောင်း နောက်ငါးနှစ်ကြာမှ ဆုံးဖြတ်ရန်နှင့် လစာမယူဘဲ ငါးနှစ်ကြာ လုပ်ကိုင်ပေးမည်ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ဇွန် ၂၃ ရက်တွင် ကုန်သွယ်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

“ကျွန်တော်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဒီမြို့သစ်မှာ မပါစေရဘူး။ အခုလုပ်မယ့်ဟာကို ငါးနှစ်လုံး လစာမယူဘဲ လုပ်ပေးမယ်။ အဲဒီလို ကတိပေးခဲ့တယ်။ လစာက လိုချင်သလောက်လည်း ပေးမှာမဟုတ်၊ ပေးသလောက်ကိုလည်း မလိုချင်ဘူး (ရယ်လျက်)၊ အဲဒီတော့ မယူတာပဲကောင်းတယ်၊ စီးပွားရေးသမားက ဘာစီးပွားရေးမှ မလုပ်ဘဲ ဒီမှာလာလုပ်တယ် ဆိုတာ မယုံဘူးဆို။ မယုံပါနဲ့…။ ငါးနှစ်အချိန်မှာ ဒါတွေက အမှတ်ပေးသွားမှာ။ ကောင်းတယ် မကောင်းဘူးဆိုတာ ဒီနေ့ မဆုံးဖြတ်ပါနဲ့။ အဲဒီကျ သေချာသိလာပါမယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရက အကောင်အထည်ဖော်မည့်အပေါ် မြန်မာနိုင်ငံ၏ အစိုးရများ အနေနှင့် စီးပွားရေး လုပ်ကိုင်ရာတွင် ရလဒ်မကောင်းခဲ့၍ စိုးရိမ်မိကြောင်းနှင့် လုပ်ကိုင်ခဲ့လျှင် ပွင့်ပွင့်လင်းလင်းနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ ပြည်သူအကျိုးရှိရန် လိုအပ်ကြောင်း ဦးဇေယျသူက ထောက်ပြဆွေးနွေးသည်။

“အစိုးရက စီးပွားရေး ဝင်လုပ်တာကို သိပ်သဘောမကျဘူး။ အဲဒါကလည်း သီအိုရီအရ မဟုတ်ဘူး။ မြန်မာပြည်မှာ အစိုးရတွေက စီးပွားရေး လုပ်ခဲ့တာ သိပ်မကောင်းခဲ့တော့ ကျွန်တော်တို့အနေနဲ့ လန့်တယ်ပေါ့နော်” ဟု ဦးဇေယျသူက ပြောကြားသည်။

NLD အစိုးရ ဖော်ဆောင်နေသော ဈေးကွက်စီးပွားရေးစနစ်နှင့် ၁၀၀ ရာခိုင်နှုန်း အစိုးရပိုင်မည့် NYD ကုမ္ပဏီတို့၏ ရှေ့နောက်မညီခြင်း၊ အစိုးရ၏ မြို့သစ်တည်ဆောက်ခဲ့သည့် အတွေ့အကြုံမရှိခြင်း၊ ရင်းနှီးမြှုပ်နှံ သူများအတွက် ဝယ်လိုအား အာမခံချက် မရှိသေးခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် နိုင်ငံခြားသား ပါဝင်နေခြင်း၊ စီမံကိန်း ဖော်ဆောင်ချိန် စောလွန်းနေခြင်း၊ နယ်မှလုပ်သားများ ပြောင်းရွှေ့မှု ထပ်တိုးလာနိုင်ခြင်းနှင့် CCCC ကုမ္ပဏီက ချယ်လှယ်သွားနိုင်ခြင်း စသည့်စိုးရိမ်မှုများကို ဆွေနွေးခဲ့ကြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ဒါခေါ်ယူရာတွင် Swiss Challenge နည်းဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး တင်ဒါရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ကြေညာခြင်းနှင့် တန်ပြန်တင်ဒါ ခေါ်ယူခြင်းဟူသော လုပ်ငန်းစဉ်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

“အဲဒီလို Swiss Challenge နဲ့ လုပ်တော့ မနှောင့်နှေးတော့ဘူး။ တင်ဒါရထားတဲ့ ကုမ္ပဏီကို တန်ပြန်တင်ဒါတင်ပြီး ပြိုင်လို့ရမယ်။ ပိုကောင်းတဲ့ အစီအစဉ် ရှိရင်ရမယ်။ ဒါပေမဲ့ နည်းကတော့ ပြောင်းမသွားဘူး။ အရင် အကောင်အထည် ဖော်နေတဲ့ဟာကိုပဲ ဆက်လုပ်ရမယ်။ ပထမရထားတဲ့ ကုမ္ပဏီက ကုန်ကျစရိတ် ပြန်ရမယ်။ အဲဒီတော့ စီစဉ်ထားတဲ့အချိန် ပြီးတာပေါ့” ဟု ဦးသိမ်းဝေက ပြောကြားသည်။

NYDC ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်ထားပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းရှိ ဧက ၂၀,၀၀၀ ခန့် မြေနေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ အလုပ်အကိုင် နှစ်သန်းခန့် ဖန်းတီးပေးနိုင်ရန် ရည်ရွယ်ထားပြီး ရင်းနှီးမြှုပ်နှံမှု ခေါ်ရာတွင်လည်း အလုပ်အကိုင်များများ ပေးနိုင်သည့် လုပ်ငန်းများကို ဦးစားပေးမည်ဟု သိရသည်။