လမ်းဘေးတွင်ရပ်ထားသော ဆီဘောက်ဆာယာဉ်အား ၁၈ ဘီးတွဲကားမှ ဝင်တိုက်ပြီး တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

လမ်းဘေးတွင်ရပ်ထားသော ဆီဘောက်ဆာယာဉ်အား ၁၈ ဘီးတွဲကားမှ ဝင်တိုက်ပြီး တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ
Published 23 June 2018

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ဇွန် ၂၃ ရက် နံနက် ပိုင်းက ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် ရပ်ထားသော ဆီဘောက်ဆာယာဉ်အား၊ သကြားများ တင်ဆောင်လာသည့် ၁၈ ဘီး တွဲကားတစ်စီးက အရှိန်မထိန်းနိုင်ပဲ နောက်မှဝင်တိုက်မိရာမှ တွဲကားပေါ်လိုက်ပါသူ ယာဉ်မောင်းတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် တောင်ငူ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့(DR) ဥက္ကဋ္ဌ ကိုမျိုးကျော်သူက “မနက်က သူတို့ ၃ နာရီခွဲလောက်မှာ စဖြစ်တယ် ပြောတယ်၊ ၃ နာရီခွဲလောက်မှာ စဖြစ်တယ်၊ ယာဉ်မောင်းက အဲ့ဒီမှာ ညှပ်ပြီးတော့ တစ်ခါထဲ ပွဲချင်းပြီးသေတယ်၊ ဘေးမှာထိုင်လာတဲ့ ယာဉ်အကူကောင်လေး တစ်ယောက်ကကျတော့ ဘယ်ဘက်ခြမ်းကနေ မှန်ခွဲပြီးတော့ ထွက်လို့ရတယ်၊ အခုညှပ်နေတဲ့ စပယ်ယာကကျတော့ နောက်မှာအိပ်ပြီး လိုက်လာတာ၊ ကားခေါင်းက စောင့်လိုက်တဲ့ အချိန်မှာ ဒရိုင်ဘာရဲ့ခုံနဲ့ အပေါ်ကအမိုးနဲ့ နောက်ကကျောနဲ့လာပြီး ညှပ်နေတာ၊ သူ့ကိုတော့ ၉ နာရီကျော် လောက်မှာပဲ နောက်ကနေ တွဲ ၂ စီးနဲ့ ဆွဲထုတ်လိုက်ရတယ်၊ ဆွဲထုတ်တော့ မီးသတ်တပ်ဖွဲ့လည်း ရောက်တယ်၊ တောင်ငူခရိုင် မီးသတ်လည်းရောက်တယ်၊ အဲ့ဒီက အဖွဲ့တွေနဲ့ပေါင်းပြီးတော့ ကယ်လိုက်နိုင်တယ်၊ အားလုံး ၃ ယောက်မှာ ၂ ယောက်ရှင်တယ်၊ ယာဉ်မောင်းက ပွဲချင်းပြီးသေသွားတယ်၊ ဒဏ်ရာရတဲ့လူတွေက ရေတာရှည်ဆေးရုံမှာပဲ၊ သူတို့အခြေအနေတွေက ကောင်းပါတယ်” ဟုပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် နံနက် ၃ နာရီ ခွဲခန့်က ရေတာရှည်မြို့နယ်၊ မြို့မအားကစားကွင်းရှေ့၊ ရန်ကုန်-မန္တလေး လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၉၁ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံအကြားတွင် ယာဉ်မောင်း ကိုသိန်းစိုးဝင်း ၃၅ နှစ်(ဘ)ဦးငွေသောင်း၊ တောင်သာမြို့နယ်နေသူ မောင်းနှင်သော ယာဉ်အမှတ် 6N/------- IZUSU အပြာရောင် ၁၂ ဘီး၊ ဆီသည်ယာဉ် (အောက်တိန်းဆီ ၄၀၄၈၀ လီတာ) ပါသည့် ဆီဘောက်ဆာယာဉ်အား လမ်းမအတိုင်း လမ်းဘေးတွင် တောင်မှမြောက်သို့ ဦးတည်ရပ်ထားစဉ် ယာဉ်ကြောတူအတိုင်း ယာဉ်မောင်း အုန်းကျော်မြင့် ၃၁ နှစ် (ဘ)ဦးနေဝင်း၊ မိတ္ထီလာမြို့နေသူ မောင်းနှင်ပြီး ၎င်းနှင့်အတူ ရှေ့ခေါင်းခန်း ကိုကိုလင်း ၂၅ နှစ် (ဘ)ဦးသန်းဌေး၊ ခေါင်းခန်း၏ နောက်ခန်းထဲတွင် ကိုကိုချစ် ၂၀ နှစ်(ဘ) ဦးသန်းတင့်တို့ လိုက်ပါလာသော ယာဉ်အမှတ် 4L/-----၁၈ ဘီးတွဲကား (သကြားကုန်တင်ယာဉ်) က အရှိန်မထိန်းနိုင်ပဲ ဆီဘောက်ဆာယာဉ်အား နောက်မှဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ကြောင့် နောက်မှဝင်တိုက်သော ၁၈ ဘီးတွဲကား၏ ယာဉ်မောင်း အုန်းကျော်မြင့်မှာ ခါးရိုးကျိုး၊ ဝဲခြေသလုံးရိုးကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်၏ နောက်ခန်းအတွင်း၌ အိပ်ပြီးလိုက်လာခဲ့သော ကိုကိုချစ်မှာ ကားအတွင်း ညှပ်မိနေခဲ့ရာ တောင်ငူမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့(DR)၊ တောင်ငူခရိုင်မီးသတ်အဖွဲ့၊ ရေတာရှည်မြို့နယ် မီးသတ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး နံနက် ၉ နာရီအချိန်ခန့်၌ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ နောက်မှတိုက်သော ၁၈ ဘီးတွဲကား၏ ရှေ့ခေါင်းခြမ်းတစ်ခုလုံးမှာ ပျက်စီးကြေမွသွားခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ရေတာရှည်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆီဘောက်ဆာယာဉ်အား တိုက်ခံရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းနိုင်က “နံနက် ၃ နာရီခွဲ အချိန်ပေါ့နော် ဆီဘောက်ဆာယာဉ်နဲ့ သကြားတင်ဆောင်ထားတဲ့ ယာဉ်ပေါ့၊ သူကနောက်က ဝင်တိုက်ပြီးတော့ ဆီတွေလည်း ဖိတ်တယ်ဆိုလို့ လှမ်းပြီးသတင်းပို့လို့ ကျွန်တော်တို့ သွားပါတယ်ခင်ဗျ၊ ကျွန်တော်တို့ ရေတာရှည်မီးသတ်က မီးငြိမ်းသတ်ယာဉ်တစ်စီးနဲ့ ရေဘောက်ဆာတစ်စီး ပေါ့သွားပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ နောက်ကကားကတော့ ဆီယိုဖိတ်တာတော့ ရှိတာပေါ့နော်၊ ရှေ့ကဆီဘောက်ဆာ ကတော့ ဘာမှမဖိတ်ပါဘူးခင်ဗျ၊ ကျွန်တော်ကတော့ ဖြစ်လာရင် ငြိမ်းဖို့ဆိုပြီးတော့ အသင့်နေပေးရတာပေါ့၊ သူတို့မှာ ပိတ်မိနေတဲ့ တစ်ယောက်ရှိတယ်၊ ကျွန်တော်တို့ ကယ်တာကတော့ ကားထဲမှာ ညှပ်နေတဲ့လူကို ကယ်တာ၊ ညှပ်နေတဲ့လူကတော့ ခြေထောက်ပွန်းပဲ့ဒဏ်ရာပေါ့ အဲ့လိုတော့ရတယ် ဆေးရုံကိုပို့ပြီးပါပြီ၊ ယာဉ်မောင်းကတော့ စဖြစ်ဖြစ်ပြီးကတည်းက ပွဲချင်းပြီး သေသွားတယ်ခင်ဗျ” ဟု ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိကိုယ်ကို သေဆုံးစေပြီး ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်အားမဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း အုန်းကျော်မြင့်အား အရေးယူပေးရန် ဒုရဲအုပ်ဇော်မြင့်မှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ရေတာရှည် မြို့မရဲစခန်းမှ ယာဉ်(ပ)၁၈/၂၀၁၈၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။