FDA ဝန်ထမ်း အမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်မှုမှ တရားခံအငှားယာဉ်မောင်းအား သေဒဏ်ချမှတ်

FDA ဝန်ထမ်း အမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်မှုမှ တရားခံအငှားယာဉ်မောင်းအား သေဒဏ်ချမှတ်
Published 22 June 2018

မျိုးဇော်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်စဉ်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

မျိုးဇော်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်စဉ်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

FDA ဝန်ထမ်း အမျိုးသမီးကို သားမယားပြုကျင့်ပြီး သတ်ဖြတ်မှုမှ တရားခံအငှားယာဉ်မောင်းကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း ဇွန် ၂၂ ရက်တွင် တရားရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါအမှုကို ကျူးလွန်သည့် အငှားယာဉ်မောင်းကို တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ လူသတ်မှု၊ သားမယားပြုကျင့်မှု၊ ဓမ္မတာနှင့် ဆန့်ကျင်၍ သားမယားပြုကျင့်မှု၊ လုယက်မှုတို့ ကျူးလွန်ခဲ့သည်မှာ ထင်ရှားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး (၄) က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် ဒုတိယကြီးကြပ်ရေးမှူး အမျိုးသမီး၏ အလောင်းအား ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြောက်မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့သည်။

ကျုးလွန်သူ မျိုးဇော်ဦးအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ဇန်နဝါရီ ၂၀ရက် ည ၇ နာရီကျော်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်မှ သေဆုံးသူ မရွှေရည်ဝင်းမှာ ဒဂုံမြို့နယ်သို့ပြန်ရန် ၎င်း၏ အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ကြောင်း၊ ထိုသို့ လိုက်ပါစီးနင်းစဉ် ကားငှားခနှင့် ပတ်သက်ပြီး ဈေးဆစ်ရာမှ ၎င်းတို့နှစ်ဦးမှာ စကားများခဲ့ကြောင်း သိရသည်။

ထိုသို့ စကားများရာမှ မျိုးဇော်ဦးမှာ မရွှေရည်ဝင်း၏ လည်ပင်းအားညှစ်ရာ သတိလစ်သွားခဲ့ပြီး မရွှေရည်ဝင်းအား ၎င်းနေထိုင်ရာ ဒဂုံမြောက်မြို့နယ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယင်းနောက် လမ်းဘေး အမှောင်ရိပ်အတွင်း မရွှေရည်ဝင်း၏ လည်ပင်းအား ဝက်အူလှည့်ဖြင့် တစ်ချက်ထိုးခဲ့ကြောင်း၊ မရွှေရည်ဝင်း မသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အလောင်းအား ငမိုးရိပ်ချောင်းကူးတံတားဘေး သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။