ဘင်္ဂါလီ မွတ်စလင်များအပေါ် တိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သူများအနေဖြင့် တာဝန်ခံမှု ရှိရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ် ပြောကြား

ဘင်္ဂါလီ မွတ်စလင်များအပေါ် တိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သူများအနေဖြင့် တာဝန်ခံမှု ရှိရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ် ပြောကြား
Published 22 June 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်အသစ်ဖြစ်သူ ခရစ္စတင်းရှာနေးဘာဂျန်နာ တို့ ဇွန် ၂၀ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် (Photo: Myanmar State Counsellor Office)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်ကို ၎င်းတို့၏ နေအိမ်များမှ မောင်းထုတ်ခဲ့မှုအတွက် တာဝန်ရှိမှုကို ဖော်ထုတ်ရန် ယုံကြည်ရသည့် လုပ်ဆောင်ချက်များ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်စဉ်အတွင်း နေပြည်တော်တွင် မြန်မာအာဏာပိုင်များအား ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်တစ်ရပ်က ဇွန် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်အသစ်ဖြစ်သူ ခရစ္စတင်းရှာနေးဘာဂျန်နာသည် ဇွန် ၂၁ ရက်တွင် ပြီးဆုံးသော သူ၏ မြန်မာနိုင်ငံသို့ ကိုးရက်ကြာ ခရီးစဉ်အတွင်း မြန်မာအရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင် အခြားထိပ်တန်း အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဆွေးနွေးမှု အားလုံးမှာ အထူးကိုယ်စားလှယ်က တာဝန်ခံမှုရဲ့ အရေးပါပုံကို အထူးပြု ပြောကြားခဲ့ပါတယ်။ သူ အထူးပြုပြောကြားခဲ့တဲ့ အချက်ဟာ စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်”ဟု အထူးကိုယ်စားလှယ်၏ ခရီးစဉ်ရလဒ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ရှာနေးဘာဂျန်နာက ယုံကြည်ရသည့် အချက်အလက် ရှာဖွေရေး နည်းလမ်းများကို တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် ယင်းကဲ့သို့သော ခြေလှမ်းများကို ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ရှာနေးဘာဂျန်နာသည် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့် ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း မကြာမီ သွားရောက်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

ရှာနေးဘာဂျန်နာက ရခိုင်ပြည်နယ်မှ ထွက်ပြေးလာခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများကို သွားရောက်ပြီး ပြန်လည်သင့်မြတ်ရေးနှင့် ကုစားရေးကို အားပေးရန် သက်ရောက်မှု ခံခဲ့ရသည့် လူ့အသိုင်းအဝိုင်းများနှင့်အတူ လူထုတွေ့ဆုံမှုများ ပြုလုပ်သင့်သည်ဟု မြန်မာအာဏာပိုင်များအား ထောက်ပြခဲ့ကြောင်းလည်း သိရသည်။