လှိုင်သာယာမြို့နယ်တွင် ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံး

လှိုင်သာယာမြို့နယ်တွင် ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံး
Published 22 June 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်ကျွမ်းမှု ဇွန် ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

မီးလောင်ကျွမ်းမှုမှာ ဇွန် ၂၁ ရက် နံနက် (၀၀း၄၅) မိနစ်ခန့်က လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက် မြရိပ်ညို (၂) လမ်းနှင့် ဇီဇဝါလမ်းထောင့်ရှိ နေအိမ်တစ်အိမ်မှ စတင်ကာ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်ကျွမ်းမှုကို လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ လှိုင်သာယာ (ခွဲ) မှ နှစ်စီး၊ အင်းစိန်မြို့နယ်မှ တစ်စီး၊ ဘုရင့်နောင်မှ တစ်စီး၊ မရမ်းကုန်းမှ တစ်စီး၊ လှိုင်မြို့နယ်မှ တစ်စီး၊ ရွှေပြည်သာမြို့နယ်မှ တစ်စီး၊ ရွှေလင်ဗန်း စက်မှုဇုန်မှ တစ်စီး၊ လှိုင်သာယာစက်မှုဇုန်မှ တစ်စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၇ ဦးတို့ဖြင့် လာရောက် ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“စလောင်တဲ့ အိမ်မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီး ပူဇော်ထားတယ်လို့ သိရတယ်။ အဲဒီမှာ ဖယောင်းတိုင်က လဲကျပြီး ကြမ်းခင်းကို ကူးစက်ရာက မီးစလောင်တယ်လို့ သိရတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကြောင့် (၁၀x၁၅) ပေ၊ သွပ် မိုး၊ ပျဉ်ကာ ၊ ပျဉ်ခင်း နေအိမ် ၁၆ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး စတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ဖြစ်သူကို လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၂၂၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent