ဧရာဝတီတိုင်းအတွင်း သဘာဝဘေးအန္တရာယ်ကြုံလာပါက တိမ်းရှောင်နိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး ထပ်မံတည်ဆောက်မည်

ဧရာဝတီတိုင်းအတွင်း သဘာဝဘေးအန္တရာယ်ကြုံလာပါက တိမ်းရှောင်နိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး ထပ်မံတည်ဆောက်မည်
Published 22 June 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခြင်းနှင့် မုန်တိုင်းစသည့် သဘာ၀ ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ဒေသခံပြည်သူများ တိမ်းရှောင်နိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နာဂစ်မုန်တိုင်းပြီးချိန်မှ စတင်ကာ ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၅ လုံးအား တည်ဆောက်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရိုးတစ်လျှောက် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက တိမ်းရှောင်နိုင်ရန် စာသင်ကျောင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံငါးလုံးကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ဒေသ၏ လိုအပ်ချက်များ အရထပ်မံ၍ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၅၇ လုံးအား ထပ်မံတည်ဆောက်ပေးမည်ဖြစ်ပြီး အဆောက်အအုံ ၁၇ လုံးအတွက်မူ တင်ဒါများ ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။

“၂၀၁၅၊ ၂၀၁၆ ဒီလိုကာလတွေမှာ ရေတော်တော်များများကြီးခဲ့တယ်။ အရင်နာဂစ်မုန်တိုင်းပြီးတဲ့နောက်ပိုင်းမှာတော့ ၂၀၁၅ ခုနှစ်ကုန်အထိက မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၅၅ လုံး ဆောက်ပြီးဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာပဲ အများဆုံး ဆောက်ခဲ့တယ်ပေါ့နော်။ အဲဒီတော့ ၂၀၁၅၊ ၂၀၁၆ ရေဘေးတွေကြုံလာတဲ့ ကျွန်တော်တို့က မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် ဧရာဝတီမြစ်တစ်လျှောက် အထူးသဖြင့် ငဝန်မြစ်ရိုးတစ်လျှောက်ပေါ့။ ရေကြီးရေလျှံမှုတွေကို ခံစားရတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ အလွယ်တကူ ရှောင်တိမ်းနိုင်ဖို့ လိုအပ်ချက်တွေ ဖြစ်ပေါ်နေတာကို တွေ့ရှိရတယ်။ ဒါ့ကြောင့် ဒီဘက်ဒေသတွေမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အထူးသဖြင့်လူမှုရေးဝန်ကြီးက စာသင်ကျောင်းအသုံးပြု မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ လိုအပ်တယ်ဆိုတာကို တင်ပြတယ်ပေါ့။ တင်ပြလို့ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီက ဒါတွေကို လမ်းညွှန်ပေးတဲ့အတွက် အခုနှစ်မှာ ငါးလုံးဆောက်ပြီး တချို့ဆောက်လုပ်ဆဲဖြစ်ပါတယ်။ နှစ်လုံးကတော့ ပြီးသွားပါပြီ။ သုံးလုံးကတော့ ဆောက်လုပ်ဆဲပဲ ရှိပါသေးတယ်။ နောက်ထပ် ၁၇ လုံးက ဧရာဝတီနဲ့ ငဝန်မြစ်ရိုးတစ်လျှောက်မှာလည်း ပါသလို ကမ်းရိုးတန်းဒေသတွေ ပါပါတယ်။ ၁၇ လုံး ကျွန်တော်တို့ ထပ်ပြီးတော့မှ တင်ဒါအောင်ထားပါတယ်။ ဒါအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက တင်ဒါခေါ်ပြီးတော့ တင်ဒါအောင်တဲ့ကုမ္ပဏီတွေက တည်ဆောက်နေပါတယ်။ ကျန်တာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလုံး ၄၀ ထပ်ဆောက်ဖို့ တင်ဒါခေါ်ထားပါတယ်။ အဲဒါကိုလည်း အမျိုးသား သဘာဝဘေးကော်မတီက တင်ဒါဖွင့်ဖောက်ပြီး စစ်ဆေးပြီးတဲ့အခါမှာလည်း သက်ဆိုင်ရာကုမ္ပဏီတွေက နယ်မြေဒေသအလိုက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးမှာ နာဂစ်မုန်တိုင်းပြီးချိန်မှ စတင်ကာ နှစ်စဉ်မုန်တိုင်းများ ဝင်ရောက်ခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။