မိုးညှင်းဒေသ နန်မားမြို့၌ မူးယစ်ဆေးဝါးအမှုဟောင်းဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးအား ဖမ်းဆီးရာ လွတ်မြောက်သွားသော်လည်း ၎င်း၏ဇနီးဖြစ်သူအား သေနတ်နှင့် လက်ပစ်ဗုံးများနှင့်အတူ ဖမ်းမိ

မိုးညှင်းဒေသ နန်မားမြို့၌ မူးယစ်ဆေးဝါးအမှုဟောင်းဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးအား ဖမ်းဆီးရာ လွတ်မြောက်သွားသော်လည်း ၎င်း၏ဇနီးဖြစ်သူအား သေနတ်နှင့် လက်ပစ်ဗုံးများနှင့်အတူ ဖမ်းမိ
Published 21 June 2018

ကချင်ပြည်နယ် မိုးညှင်းဒေသ နန်မားမြို့၌ မူးယစ်ဆေးဝါး အမှုဟောင်းဖြင့် အလိုရှိနေသည့် အဓိကတရားခံပြေးတစ်ဦးအား ဖမ်းဆီးရာတွင် လွတ်မြောက်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကို သေနတ်နှင့် လက်ပစ်ဗုံးများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဇွန် ၂၀ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် မိုးညှင်းခရိုင် မှုခင်းနှိမ်နှင်းရေး ဌာနစိတ်မှ ရဲတပ်ကြပ်ကြီး စိုင်းသန်းထိုက်ဝင်း၊ ရဲတပ်ကြပ် ကျော်စွာထွန်း၊ ရဲဒုတပ်ကြပ်ရဲဝင်းထွန်း၊ ရဲတပ်သား ဇော်လတ်နှင့် တောင်းအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွေး၊ ရာအိမ်မှူး ဦးကျော်တင့်တို့ ပါဝင်သည့်အဖွဲ့သည် နန်းမားနယ်မြေရဲစခန်းတွင် (ပ)၂၁/၂၀၁၇ မူးယစ်စိတ်ပုဒ်မ ၁၆/၁၆(ဂ)/၂၁ အမှုမှ တရားခံပြေးဖြစ်သူ အောင်ဝင်းထွန်း(ခ)ထွန်းထွန်းသည် လယ်တောနေအိမ်တွင် ပုန်းခိုနေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အဓိကတရားခံဖြစ်သူ အောင်းဝင်းထွန်း (ခ) ထွန်းထွန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေသူ အသက် (၂၅) နှစ် အရွယ်ရှိ မဆိုင်းပန်ဆိုသူ အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရာတွင် ပစ္စည်းများမှာ M-20 အမျိုးအစား (နံပါတ် N-110781) ပစ္စတိုတစ်လက်၊ M-20 အမျိုးအစား (နံပါတ် N-034098) ပစ္စတိုတစ်လက်၊ M-20 ပစ္စတို ကျည်အိမ်နှစ်ခု၊ M-20 ပစ္စတိုကျည် ၂၄ တောင့်၊ M-22 ကျည် (7.62×39) ငါးတောင့်၊ တရုတ်နိုင်ငံလုပ် MG-1 ပလတ်စတစ် လက်ပစ်ဗုံး (နာနတ်သီးဗုံး) သုံးလုံး၊ တရုတ်နိုင်ငံလုပ် MG-1 ပလတ်စတစ် လက်ပစ်ဗုံးဖြူးစ်သုံးချောင်း၊ စစ်အစိမ်းရောင် ရေဘူးတစ်အိတ်၊ BALENO တံဆိပ်ပါ ခါးပတ်အိတ်တစ်အိတ်၊ အဝါရောင်အဖုံးပိတ် ဖြူ/ဝါကြား အမှုန့် (၀ ဒသမ၂) ဂရမ်ပါ တစ်ဗူးတို့ကို ဖမ်းဆီးမိခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နန်းမားနယ်မြေရဲစခန်းတွင် (ပ) ၆ မူးယစ်စိတ် ပုဒ်မ ၁၆ (ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် တောင်အင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွေးက “ဖမ်းတာက နံနက်ငါးနာရီလောက်မှာ တရားခံမှာ လက်နက်ရှိတယ်လို့ကြားတော့ ကျွန်တော်တို့လည်း ဝင်ပေါက်တစ်ပေါက်ကပဲ ဝင်တာ။ အဓိကလူဖြစ်တဲ့ ထွန်းထွန်းက ဂယ်ပေါက်ကနေ ထွက်ပြေးသွားတာ။ မိန်းမတော့ မိလိုက်တယ်။ ပစ္စတိုက ခြောက်လက်၊ လက်ပစ်ဗုံးက သုံးလုံး။ တခြားကျည်တောင့်တွေလည်း ငါးတောင့်မိသေးတယ်။ ရဲတပ်ဖွဲ့ကလည်း လိုက်ပစ်တယ်” ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာနယ်မြေရဲစခန်းပိုင်၊ တောင်အင်းကျေးရွာအုပ်စု၊ နန့်စွန်းတောင်တန်း၊ လဆန်ရွာပျက်အနီး တောင်ခြေတွင် တရားမဝင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးရောင်းသည့်အဖွဲ့အား တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းစီးရာ ၂၈ ဦး ဖမ်းဆီးမိပြီး အဓိကသံသယဖြစ်သူ အောင်ဝင်းထွန်းမှာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။