ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ကားနှင့်ရထား ဖြတ်ကူးသည့် နေရာများတွင် မြန်ဆန်စွာ ဖြတ်ကူးနိုင်မည့် Level Crossing များ ပြုလုပ်မည်ဟုဆို

ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ကားနှင့်ရထား ဖြတ်ကူးသည့် နေရာများတွင် မြန်ဆန်စွာ ဖြတ်ကူးနိုင်မည့် Level Crossing များ ပြုလုပ်မည်ဟုဆို
Published 20 June 2018

ရန်ကုန်မြို့တွင်း မီးရထားလမ်းပိုင်းများကို JICA မှ အဆင့်မြှင့်တင်နေစဉ်

ရန်ကုန်မြို့ပတ်ရှိ ကားနှင့်ရထား ဖြတ်ကူးသည့်နေရာ ရှစ်ခုတွင် ပိုမိုမြန်ဆန်စွာ ဖြတ်ကူးနိုင်မည့် Level Crossing များကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ရထားလမ်းပေါ်ကို ကားလမ်းတွေ ဖြတ်သွားတဲ့အခါ မြန်မြန်ဖြတ်နိုင်ဖို့ လိုပါတယ်။ မြန်မြန်ဖြတ်နိုင်ဖို့ အတွက်ဆိုရင် လမ်းချောမွေ့ဖို့ လိုပါတယ်။ ဒါကြောင့် လမ်းပိုင်းအဆင်ပြေဖို့ လုပ်တဲ့အခါ နည်းပညာမြင့်မြင့်နဲ့ သွားပါတယ်။ ကားလမ်းပေါ် ရထားလမ်း ဖြတ်တဲ့နေရာတွေ၊ ရထားလမ်းနဲ့ ကားလမ်း ဆုံနဲ့နေရာတွေမှာ ကားတွေ အမြန်ဆုံးဖြတ်နိုင်ဖို့၊ ကားတွေကို ရထားဖြတ်သန်းခါနီးမှာ အလိုအလျောက်ဂိတ်တွေ တပ်ခြင်းအားဖြင့် အကြာကြီး ရပ်စောင့်စရာ မလိုတော့ဘဲ ကြာမြင့်ချိန် လျှော့ချနိုင်မယ်။ အထူးသဖြင့် ကားလမ်းကူးနေရာကြီး ရှစ်ခုမှာရှိတဲ့ Level Crossing တွေကို ပြုလုပ်ဖို့ စတင်နေပြီ” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ ပြုလုပ်မည့် Level Crossing များကို JICA ၏အကူအညီဖြင့် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အင်ဂျင်နီယာများ၊ မြန်မာ့မီးရထားမှ အင်ဂျင်နီယာများ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း၏ ပြောကြားချက်အရ သိရသည်။

Level Crossing ပြုလုပ်သွားမည့် နေရာများမှာ အင်းစိန်၊ အောင်ဆန်း၊ ကြို့ကုန်း၊ အုတ်ကျင်း၊ သမိုင်းမြို့သစ်၊ ပါရမီ၊ ကမာရွတ်နှင့် ရွာမကျောင်းလမ်း စသည့်နေရာ ရှစ်ခုတွင် ကနဦး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့မီးရထား အနေဖြင့် တရားမဝင် ရထားလမ်းနှင့် ကားလမ်းကူးနေရာများကို ပိတ်သိမ်းရန် အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ရထားလမ်းနှင့် ကားလမ်းကူးနေရာ တရားဝင်ဂိတ် စုစုပေါင်း ၁ç၆၆၇ ခုရှိပြီး တရားမဝင်ဂိတ် စုစုပေါင်း ၄ç၁၅၂ ခုရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအား နေ့စဉ်ရထားတွဲဆိုင်းကြီး ၂၅ ဆိုင်း၊ နေ့စဉ် ခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေပြီး ခရီးသည်အားဖြင့်နေ့စဉ် ကိုးသောင်းအထက် လိုက်ပါစီးနင်း လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မီးရထားလမ်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးရထား ပြေးဆွဲမှုများကို ရန်ကုန်မီးရထားရုံးချုပ်မှ ထိန်းချုပ်နိုင်သည့် စနစ်ကိုလည်း ယခုလ အတွင်းက စတင်အကောင်အထည် ဖော်ခဲ့ပြီး ပုဇွန်တောင်ဘူတာ အပါအဝင် ဘူတာနှစ်ခုတွင် စမ်းသပ်လုပ်ကိုင် လျက်ရှိသည်။