မော်လမြိုင် ကျိုက်သလ္လံစေတီတော်၏ ကုန်းတော်အရှေ့၊ အနောက် မြေလျှောကျမှု အကြီးစား ပြင်ဆင်မှု အပါအဝင် ဘက်စုံပြင်ဆင်မှုအတွက် ကျပ်သိန်း ၆၀၀၀ ခန့်လိုအပ်မည်ဟုဆို

မော်လမြိုင် ကျိုက်သလ္လံစေတီတော်၏ ကုန်းတော်အရှေ့၊ အနောက် မြေလျှောကျမှု အကြီးစား ပြင်ဆင်မှု အပါအဝင် ဘက်စုံပြင်ဆင်မှုအတွက် ကျပ်သိန်း ၆၀၀၀ ခန့်လိုအပ်မည်ဟုဆို
Published 20 June 2018

ကျိုက်သလ္လံစေတီတော် အရှေ့ဘက်စောင်းတန်းအနီး ပျက်ဆီးနေမှုများအား တွေ့ရစဉ်

မွန်ပြည်နယ် သမိုင်းဝင် မော်လမြိုင် နာဂဝီသ တောင်တန်းတွင် တည်ရှိသော ကျိုက်သလ္လံ စေတီတော်၏ ကုန်းတော်သည် ဇွန် ၁၆၊ ၁၇ ရက် အချိန်တိုအတွင်း မိုးရေချိန် လက်မ ၁၃ ဒသမ ၇ ရွာသွန်းဝင်ရောက်မှုကြောင့် ဘုရားကြီး၏ အရှေ့၊ အနောက်ကုန်းတော်တို့မှ ဖြစ်ပေါ်ခဲ့သည့် မြေလျှောမှုနှင့် အက်ကွဲမှုအချို့တို့ကို နေပြည်တော်မှ ဗိသုကာပညာရှင်များက ပြုပြင်ရန် လာရောက်စစ်ဆေးပြီးနောက် ဘက်စုံပြင်ဆင်မှုတွက် ကျပ်သိန်း ၆၀၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီး နန်းစံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန) က ဇွန် ၁၉ ရက်တွင် ပြောကြားသည်။

“အားလုံးပြင်ဆင်ဖို့က သိန်း ၆၀၀၀ ကျော်လောက်ကုန်မယ်။ ကုန်းတော်ကြီး ကမ်းထိန်းနံရံကြီးတွေ ပြန်လုပ်မယ်။ ဘယ်လောက် ပျက်စီးသွားလဲဆိုတော့ အရှေ့ဘက်စောင်းတန်း တိုးချဲ့ရင်ပြင် ပေ (၉၀၊၂၈) ပြိုကျသွားတယ်၊ အလျား-၅၅ လက်မက အက်ကြောင်း ဖြစ်သွားတယ်။ ရှင်သီဝလိ၊ ဘိုးတော်သိကြားမင်း၊ တောင်ပိုင်ဘိုးဘိုးကြီး၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်နတ်နန်းတွေ ပြိုကျပျက်စီးသွားတယ်။ အရှေ့ဘက် စောင်းတန်းအနီးမှာ မြေသားလျှောကျ ပျက်စီးမှုဖြစ်တယ်။ အရှေ့ဘက် စောင်းတန်းနားက သုခိတာရုံ ရန်ကုန်ဘုန်းကြီးကျောင်းက လျှောကျမြေ တွန်းအားကြောင့် အက်ကွဲ၊ တစ်ပါးကျောင်းဆောင်သုံးခု ပျက်စီးတယ်။ အနောက်ဘက် စောင်းတန်းနဲ့ ဓာတ်လှေကားအကြား တိုးချဲ့ရင်ပြင်က ပေ (၆၉၊ ၁၀) အကျယ်က နိမ့်ဆင်းသွားတယ်။ အက်ကြောင်းက အလျား ၁၄ ပေလောက် ဖြစ်သွားတယ်။ အနောက်ဘက်စောင်းတန်းရဲ့ ရင်ပြင်တော်နဲ့ တောင်ရိုးတန်း လမ်းကြားက မြေကြီးတွေ လျှောကျနိမ့်ဆင်းမှုဖြစ်တယ်။ အလယ်ဆင့်မုခ်ဦး (တောင်ရိုးတန်းလမ်းဖြတ်) နိမ့်ယိုင်သွားတယ်။ အနောက်ဘက်မုခ်ဦး တောင်ရိုးတန်း လမ်းပေါ်မှာရှိတဲ့ မြေထိန်းနံရံက ၄၅ ပေပြိုကျသွားတယ်။ အနောက်ဘက် ဓာတ်လှေကားအနီး ထရန်စမော်မာနဲ့ကပ်လျက် မြေထိန်းနံရံ အက်ကွဲသွားတယ်။ အဲဒါတွေကို ပြန်လည်ပြင်ဆင်ဖို့ ပညာရှင်တွေ ဖိတ်ခေါ်ပြီး ဒါတွေအားလုံး ပြန်ပြင်ဆင်မယ်ဆိုရင် ကျပ်သိန်း ၆၀၀၀ ကျော်ကုန်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်” ဟု ဝန်ကြီး နန်းစံဝင့်ခိုင်က ပြောကြားသည်။

ကျိုက်သလ္လံစေတီတော် အရှေ့ဘက်စောင်းတန်းအနီး ပျက်ဆီးနေမှုများအား တွေ့ရစဉ် (ဓာတ်ပုံ - ဘိုဘိုမြင့်)

နေပြည်တော်မှ အင်ဂျင်နီယာ ဗိသုကာပညာရှင်အဖွဲ့ ဘုရားကုန်းတော် ပျက်စီးမှုကို ကွင်းဆင်းစစ်ဆေးရာ ကမ်းထိန်းနံရံပြိုကျမှုကို မိုးကုန်ပွင့်လင်းကာလမှ တည်ဆောက်နိုင်မည်ဖြစ်ပြီး အက်ကွဲကြောင်းတစ်လျှောက် ကွန်ကရစ်ဖျော်ရည် ထည့်မှုကို မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၏ ကြပ်မတ်မှုနှင့် ဟတ်မော်ကုမ္ပဏီက ပြုပြင်မှု ဆောင်ရွက်နေကြောင်း၊ စေတီတော်၏ ကုန်းတော်ပျက်စီးမှုကို ပြင်ဆင်ရန် အလှူခံ စတင်လက်ခံနေကြောင်း၊ ဇွန် ၁၉ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ ငွေကျပ် ၇၈၈၅၀၀၀ နှင့် ဘိလပ်မြေအိတ် ၁၀၀၀၊ ကျိုက်သလ္လံ ဂေါပကအဖွဲ့ဝင်များက ကျပ်သိန်း ၈၀ လှူဒါန်းမှုကို လက်ခံခဲ့ကြောင်း ဦးမင်းဝင်းလှ (ဘဏ္ဍာရေးမှူး-ကျိုက်သလ္လံဂေါပကအဖွဲ့ဝင်) က ပြောကြားသည်။

ကျိုက်သလ္လံ စေတီကြီး၏ အရှေ့ဘက် ပဋ္ဌာန်းတန်ဆောင်းကြီးသည် ဂျပန်ခေတ်ကတစ်ခါ မြေပြိုပျက်ကျမှု ဖြစ်ပေါ်ကာ ထိုစဉ်က မြို့သူမြို့သားများ၏ ထည့်ဝင်လှူဒါန်းမှုနှင့် ပြင်ဆင်ခဲ့ကြောင်း၊ စေတီတော်ကြီးကို သာသနာသက္ကရာဇ်-၂၃၆ ခုနှစ်က တည်ထားခဲ့ပြီး ဉာဏ်တော် ၁၅၀ ပေ၊ အောက်လုံးပတ် ပေ ၃၀၀၊ ဖိနပ်အဝန်း ပေ-၄၅၀ ရှိကြောင်း သိရသည်။ ကုန်းတော်ပျက်စီး ပြင်ဆင်မှုအတွက် ဂေါပကအဖွဲ့ မွန်ပြည်နယ်အစိုးရ အဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

Most Read

Most Recent