ရန်ကုန်မြစ် စဉ့်အိုးတန်းဆိပ်ကမ်းအနီး သမ္ဗန်တိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူ လေးဦးအနက် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို လေးရက်မြောက်နေ့တွင် သန်လျက်စွန်းအနီး ရှာဖွေတွေ့ရှိ

ရန်ကုန်မြစ် စဉ့်အိုးတန်းဆိပ်ကမ်းအနီး သမ္ဗန်တိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူ လေးဦးအနက် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို လေးရက်မြောက်နေ့တွင် သန်လျက်စွန်းအနီး ရှာဖွေတွေ့ရှိ
Published 17 June 2018

ပျောက်ဆုံးနေသူများကို ရန်ကုန်မြစ်အတွင်း ရှာဖွေနေစဉ် (ဓာတ်ပုံ- ဓမ္မပါလ လူမှုကူညီမှုအဖွဲ့)

ဇွန် ၁၃ ရက်တွင် စဉ့်အိုးတန်း ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သမ္ဗန်တိမ်းမှောက် နစ်မြုပ်ရာမှ ပျောက်ဆုံးခဲ့သူ လေးဦးအနက် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား အဆိုပါဖြစ်စဉ် ဖြစ်ပွားအပြီး လေးရက်မြောက်နေ့တွင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၁၃ ရက်ညပိုင်းတွင် ရန်ကုန်မြို့ စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး သမ္ဗန်ပေါ်တွင် လိုက်ပါလာသူ ၁၂ ဦးအနက် လေးဦး ပျောက်ဆုံးခဲ့ကာ ပျောက်ဆုံးနေသူ လေးဦးအနက်မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေသည့် ပူးပေါင်းအဖွဲ့က ဇွန် ၁၆ ရက် နံနက် ၉ နာရီကျော်တွင် သန်လျက်စွန်းဆိပ်ကမ်း အနီးရှိ ဓနိတော တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ဆို လေးရက်မြောက်ပေါ့နော်။ သံလျက်စွန်းနားမှာ ရှာဖွေရေးလုပ်နေတဲ့ ပူးပေါင်းအဖွဲ့တွေက လင်မယားတစ်တွဲ၊ အမျိုးသမီးတစ်ဦး။ မိသားစုနဲ့ အဆက်အသွယ်ရတယ်။ ဒလမြို့နယ်မှာပဲ နေတာပါ။ တွေ့တာက သန်လျက်စွန်းနားက ဓနိတောမှာပါ” ဟု သမ္ဗန်နစ်မြုပ်ရာတွင် ပျောက်ဆုံးခဲ့သူများအား ရှာဖွေရေးများ လုပ်ကိုင်နေသည့် ဓမ္မပါလ လူမှုကူညီရေးအဖွဲ့မှ ကိုညီက ပြောကြားသည်။

အဆိုပါ ရန်ကုန်မြစ်အတွင်း နစ်မြုပ်ခဲ့သည့် သမ္ဗန်ပေါ်တွင် လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ရှစ်ဦးအား သမ္ဗန်နစ်မြုပ်သည့်နေ့တွင်ပင် ရှာဖွေကယ်ဆယ်နိုင်ခဲ့သော်လည်း လေးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

သမ္ဗန်တိမ်းမှောက် နစ်မြုပ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ဓမ္မပါလလူမှုကူညီရေး အဖွဲ့စသည့် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များက ပျောက်ဆုံးနေသူများအား အပူတပြင်း လိုက်လံရှာဖွေလျက်ရှိပြီး လေးရက်မြောက်နေ့တွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီး ရုပ်အလောင်းအား ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှာ ဒလမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏မိသားစုအား ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့က ဆက်သွယ်ပေးခဲ့ပြီး ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည့် ဇွန် ၁၆ ရက်တွင် ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သမ္ဗန်တိမ်းမှောက် နစ်မြုပ်ရာမှ ပျောက်ဆုံးနေသူ သုံးဦးအား ဆက်လက် ရှာဖွေလျက်ရှိပြီး ကျန်ရှိနေသည့် ပျောက်ဆုံးနေသူများမှာ ဒလမြို့နယ်တွင် နေထိုင်သည့် လင်မယားနှစ်ဦးနှင့် အမျိုးသမီးတို့ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent