မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် မိုးမိအရောင်ပြောင်း ပဲတီစိမ်းများကို တရုတ်ဝယ်လက်များ ဝယ်ယူနေ

မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် မိုးမိအရောင်ပြောင်း ပဲတီစိမ်းများကို တရုတ်ဝယ်လက်များ ဝယ်ယူနေ
Published 16 June 2018

မုန်တိုင်းမိုးရွာသွန်းမှုကြောင့် မိုးမိ အရောင်ပြောင်းပဲတီစိမ်းများကို ယခင်က မန္တလေး ပဲခွဲစက်နှင့် ရန်ကုန်ရှိ ပဲခြမ်းခွဲစက် ပဲတီစိမ်း ခွဲစက်တို့က ဝယ်ယူအသုံးပြုပြီး ယခုနှစ် ထူးထူးခြားခြား တရုတ်ဝယ်လက်များကလက်ရှိ မန္တလေးဈေးကွက်ထဲတွင် ရောက်ရှိနေသည့် ပဲတီစိမ်းမိုးမိ၍ အစိမ်းရောင်မှ အညိုရောင် ပြောင်းသော ပဲတီစိမ်းများကိုပါ ဝယ်ယူနေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

အဆိုပါပဲများမှာ မေလအတွင်းနှင့် ဇွန်လဆန်းများတွင် ရွာသွန်းခဲ့သော မုန်တိုင်းမိုးများကြောင့် စိုက်ခင်းများတွင်လည်းကောင်း၊ ရိတ်သိမ်းချိန်တွင်လည်းကောင်း ထိခိုက်မှုများ ဖြစ်ပေါ်ကာ အထွက်နှုန်းလျော့နည်းသွားပြီး အရည်အသွေးပိုင်းကြောင့် ဈေးနှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။

“ဒီနှစ်တော့ နည်းနည်းထူးခြားတယ်။ပဲတီစိမ်းက မိုးမိလိုက်တဲ့အခါမှာအစိမ်းရောင်ကနေ အညိုရောင်ပြောင်းလဲသွားတယ်။ပြောင်းလဲသွားတဲ့ ပဲတီစိမ်းကို ထူးထူးခြားခြား ဈေးပေးဝယ်တယ်။ ဝယ်ပေမဲ့ အရောင်ပြောင်း ပဲတီစိမ်းကို ဈေးနှိမ့်ဝယ်တယ်။ ဈေးချဝယ်တယ်။ ချဝယ်နေပေမဲ့ အိန္ဒိယဘက်ကလည်း ပဲတီစိမ်း တန်တစ်သိန်းခွဲ ဝယ်မယ်လို့ သတင်းကြောင့် တရုတ်က ရသလောက်ဝယ်ယူနေတယ်။ ဒါပေမဲ့ မြန်မာတောင်သူတွေအနေနဲ့ မုန်တိုင်းမိုးနှစ်ကြိမ်မိသောကြောင့် အရောင်ပြောင်း ပဲတီစိမ်းဈေးကို အနှိမ်ခံပြီး ဝယ်ယူခြင်း ခံနေရတယ်။ မကြာပါဘူး။ အိန္ဒိယက ချက်ချင်းဝယ်ယူရင် ဈေးက ပြန်တက်လာမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ဈေးနဲ့ဆိုရင် သုံးတင်း တစ်အိတ်ကို ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာ ဒီရာသီမှာ သုံးတင်းတစ်အိတ်ကို ရှစ်သောင်း ဝန်းကျင်ပဲရှိတယ်။ ဒီနှစ်က အမြင့်ဆုံးဈေးကနေ ကျနေတယ်လို့ ပြောပေမဲ့ သုံးတင်းတစ်အိတ်ကို တစ်သိန်းတစ်သောင်းလောက်ရှိတယ်။ တစ်တင်းကိုတော့ ဈေးတစ်သောင်းလောက် ကွာနေတယ်။ ပဲတီစိမ်းဈေးက တစ်သိန်းအောက် အလွန်အမင်း ကျမသွားနိုင်ဘူးလို့ ခန့်မှန်းရတယ်။ မန္တလေးဈေးကွက်ကို တစ်နေ့ တန် ၁၀၀ တစ်တင်းခွဲအိတ်အိတ်နှစ်သောင်း လောက်ဝင်နေတယ်။ ဝင်သလောက်လည်း ကုန်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိမန္တလေးဈေးကွက်တွင် မေလကုန်ပိုင်းက သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၁၂၈၀၀၀ ဈေးရှိနေသော ပဲတီစိမ်း (ထိပ်စ) မှာ ဇွန် ၁၄ ရက်တွင် ငွေကျပ် ၁၁၀၀၀၀ နှုန်းအထိ ကျဆင်းသွားပြီး ယမန်နှစ် ယခုရာသီတွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မိုးကြိုပဲတီစိမ်းများကို ပခုက္ကူ၊ မြင်းခြံ၊ ရွှေဘို၊ ရေစကြို၊ ကျောက်ဆည်တို့မှ အစောဆုံး ထွက်ရှိလာကာ မန္တလေးပဲဈေးကွက်သို့ နေ့စဉ်အိတ်ရေနှစ်သောင်းခန့် ဝင်ရောက်လျက်ရှိပြီး မကြာခင် နေပြည်တော်၊ တပ်ကုန်း၊ အောင်လံ၊ မကွေး၊ ရမည်းသင်းနှင့် ပျော်ဘွယ်တို့မှ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent