အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခွင့် ထပ်မံကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်းမတ်ပဲဈေး တစ်တန်လျှင် ကျပ်သိန်းဂဏန်းအထိ ထိုးဆင်းခဲ့ရာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး အရောင်းအဝယ်များ ရပ်ဆိုင်းထား

အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခွင့် ထပ်မံကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်းမတ်ပဲဈေး တစ်တန်လျှင် ကျပ်သိန်းဂဏန်းအထိ ထိုးဆင်းခဲ့ရာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး အရောင်းအဝယ်များ ရပ်ဆိုင်းထား
Published 23 August 2017

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ ပဲစိုက်ခင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲတီစိမ်း ပြည်ပမှတင်သွင်းခွင့် ထပ်မံကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်းမတ်ပဲဈေးနှုန်းများ တစ်တန်လျှင် ကျပ်သိန်းဂဏန်းအထိ ထိုးဆင်းခဲ့ရာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် သြဂုတ် ၂၂ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အရောင်းအဝယ်များ ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

အိန္ဒိယနိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်း ကျဆင်းမှုကြောင့် အနိမ့်ဆုံးဈေးနှုန်း (MSP) သို့ပြန်ရောက်ရန် ပြည်ပမှပဲတင်သွင်းခွင့်များ ပိတ်ပင်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လဆန်းက ပဲစင်းငုံတင်သွင်းခွင့် ကန့်သတ်ခဲ့ပြီးနောက် ယခုမတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခွင့်ကို ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်သည်။

“သူတို့ဆီမှာ ပဲဈေးတွေကျနေတော့ အနိမ့်ဆုံးဈေးကို ပြန်မီအောင် ကန့်သတ်မှုတွေလုပ်တာပါ။ အခုလိုလုပ်တော့ သူတို့ဆီမှာတော့ ဈေးတွေပြန်တက်လာပေမယ့် ဒီဘက်မှာတော့ ပဲဈေးက ထိုးဆင်းသွားတာပေါ့။ တစ်နှစ်ကို ပဲစင်းငုံက တန်ချိန်နှစ်သိန်း၊ မတ်ပဲက တန်ချိန်သုံးသိန်း ပဲတင်သွင်းခွင့်ရှိမယ်လို့ ကန့်သတ်လိုက်တော့ နောက်ပြီး သူတို့မှသွင်းထားပြီးသား ပမာဏကလည်းများတော့ ထပ်သွင်းဖို့မသေချာတော့ ဒီမှာလက်ကျန်ရှိတဲ့၊ ထပ်ထွက်လာမယ့် ပဲတွေရှိတဲ့အတွက် ဈေးတွေကျဆင်းသွားတာပါ” ဟု အိန္ဒိယသို့ ပဲတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ စာရင်းများအရ ပဲစင်းငုံလက်ကျန်မှာ လက်ရှိအချိန်တွင် တန် ၁၀၀၀၀၀ ခန့်ကျန်ရှိပြီး လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်တွင် ပေါ်ထွက်မည့် ပဲစင်းငုံတန် ၃၀၀၀၀၀ ဝန်းကျင်အား ပြီးခဲ့သည့်လများတွင် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ မတ်ပဲလက်ကျန်သည် တန် ၃၀၀၀၀၀ ဝန်းကျင်ရှိနိုင်ပြီး ပဲတီစိမ်းလက်ကျန်မှာ တန် ၂၀၀၀၀၀ ခန့်ရှိနိုင်သည်ဟု ပဲကုန်သည်များက ခန့်မှန်းထားပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှရရှိမည့် ဒေါ်လာသန်း ၄၅၀ ခန့်နစ်နာနိုင်ကြောင်း သုံးသပ်ထားသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံအဓိကတင်ပို့ပြီး ပဲတီစိမ်းမှာ တရုတ်နိုင်ငံနှင့် ဥရောပသို့ တင်ပို့မှုများပြားပြီး ပဲတီစိမ်းအောက်စများသာ အိန္ဒိယသို့တင်ပို့မှုရှိသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံကုန်သည်များအတွက် အဓိကဈေးကွက်ပျောက်ဆုံးပြီး ဆုံးရှုံးနစ်နာနေခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း မတ်ပဲ (RC) ဈေးနှုန်းသည် တစ်တန်လျှင် ကျပ် ၂၄ သိန်းဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပြီးနောက် ဈေးပြန်ကျခဲ့ရာ ၂၀၁၇ နှစ်စပိုင်းတွင် ကျပ် ၁၂ သိန်းခန့်အထိ ပြန်လည်ရောက်ရှိခဲ့ကာ ဇန်နဝါရီလကုန်ပိုင်းတွင် ကျပ် ၁၀ သိန်းအောက်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မတ်လတွင် ကျပ် ၁၁ သိန်းခွဲဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ကျပ် ၁၀ သိန်းအောက်၊ ဇွန်လဆန်းတွင် ကျပ်ကိုးသိန်းအောက်၊ ဇူလိုင်လလယ်ခန့်တွင် ကျပ်ရှစ်သိန်းအောက်၊ ဇူလိုင်လကုန်ပိုင်းတွင် ကျပ်ခုနစ်သိန်းအောက်အထိ ရောက်ရှိခဲ့ပြီး သြဂုတ်လအတွင်း ဈေးအနည်းငယ်ပြန်တက်ခဲ့ရာ သြဂုတ် ၂၁ ရက်အထိ ကျပ်ရှစ်သိန်း အထက်ရှိခဲ့သော်လည်း သြဂုတ် ၂၂ ရက်တွင် ကျပ်ခုနစ်သိန်းအောက်အထိ ထိုးဆင်းခဲ့သည်။

ထို့အတူ ၂၀၁၅ ခုနှစ်အတွင်းက ကျပ် ၁၆ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့သော ပဲစင်းငုံ(နီ) RC ဈေးသည် ဈေးနှုန်းပြန်လည်ကျဆင်းခဲ့ရာ ၂၀၁၇ ဇန်နဝါရီလဆန်းပိုင်းက ကျပ်ရှစ်သိန်းခွဲဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ ဇန်နဝါရီလကုန်ပိုင်းတွင် ကျပ်ရှစ်သိန်းအောက်၊ ဧပြီနောက်ဆုံးပတ်တွင် ကျပ်ခုနစ်သိန်းအောက်သို့ ရောက်ခဲ့သည်။ မေဒုတိယပတ်တွင် ကျပ်ခုနစ်သိန်းအထက် ပြန်တက်ခဲ့သော်လည်း ဇူလိုင်တတိယပတ်တွင် ကျပ်ခြောက်သိန်းအောက်ရောက်ခဲ့ပြီး သြဂုတ်လ ဆန်းပိုင်းတွင် ကျပ်ခြောက်သိန်းအထက် ပြန်တက်ခဲ့ကာ သြဂုတ် တတိယပတ်မှစတင်ကာ ကျပ်ငါးသိန်းစွန်းစွန်းအထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆ ဒသမ ၆ သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၄၈၄ သန်းရရှိထားကြောင်း၊ ယခုနှစ်အတွင်း ပဲဈေးများကျဆင်းနေသဖြင့် ယခင်နှစ်ကာလတူထက် ပဲတင်ပို့မှုမှ ရငွေထက်ဝက်နီးပါး လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းနှင့် ၁၄ သိန်းကြား တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။