<

နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ယနေ့ တွေ့ဆုံမည်ဖြစ်ပြီး ၁၀ ပါတီတက်ရောက်မည်မဟုတ်ဟု အကြောင်းပြန်ထားကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့စဉ်

နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ယနေ့(ဇွန် ၁၄ ရက်) တွင် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၀ ပါတီအနေဖြင့်  တက်ရောက်မည် မဟုတ်ဟု အကြောင်းပြန်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ဇွန် ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံသို့ ဖိတ်ကြားထားပြီး တက်ရောက်မည့်ပါတီများအနေဖြင့် ပြန်လည်အကြောင်းကြားပေးရန် ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

“ပါတီတွေအကုန်လုံး ဖိတ်ထားပါတယ်။ ၁၀ ပါတီကတော့မတက်ဘူးလို့ ပြောပါတယ်။ ကျန်တဲ့ပါတီတွေကတော့ အဲဒီလို မတက်ဘူးလို့ အကြောင်းကြားတာ မရှိပါဘူး။ ၇၇ ပါတီကတော့ တက်မယ်လို့ ရောက်လာပါတယ်။ ၇၇ ပါတီဆိုတာ မနေ့ကအထိပေါ့နော်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ဇွန် ၁၃ ရက်တွင် ပြောကြားသည်။

အစည်းအဝေးသို့ မတက်ရောက်မည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အသေးစိတ်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

“တက်ဖြစ်ပါတယ်။ ကျွန်တော်ပဲ တက်မှာပါ။ အဓိကကတော့ ကျွန်တော်တို့ကတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ပါပဲ။ အဲဒီအတွက်ကို ဦးတည်ပြီး ဆွေးနွေးသွားမှာပါ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “အဓိကကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အဆင်ပြေအောင်အခက်အခဲရှိတဲ့ ဟာလေးတွေကို ညှိနှိုင်းပြီးတော့ ပြင်ဆင်လို့ ရအောင်ပေါ့လေ။ နောက်ရွေးကောက်ပွဲမှာ အထစ်အငေါ့ဖြစ်နေတာလေးတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာလေးတွေ ဆွေးနွေးကြမယ်” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏ အသံများကို  နားထောင်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇွန် ၁ ရက်က တွေ့ဆုံကာ ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများအား ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲပေးပိုင် ခွင့်မဆုံးရှုံးစေရေးအတွက် စနစ်တကျ ဆောင်ရွက်စေလိုကြောင်းနှင့် မဲစာရင်းများ တိကျမှန်ကန်စွာ ပြုစုရေးသည်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.