တွက်ချက်မှုမှားခြင်း၊ ခန့်မှန်းခြေမှားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ဆင်းသည့်အခါ ကွဲလွဲနေမှုများ ဝန်ကြီးဌာနတိုင်း၌တွေ့ရပြီး ၎င်းအခြေအနေများအား သမ္မတအနေဖြင့်သိပြီးဖြစ်ကာ အရေးယူစရာရှိသည်များကို အရေးယူလိမ့်မည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ပြောကြား

တွက်ချက်မှုမှားခြင်း၊ ခန့်မှန်းခြေမှားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ဆင်းသည့်အခါ ကွဲလွဲနေမှုများ ဝန်ကြီးဌာနတိုင်း၌တွေ့ရပြီး ၎င်းအခြေအနေများအား သမ္မတအနေဖြင့်သိပြီးဖြစ်ကာ အရေးယူစရာရှိသည်များကို အရေးယူလိမ့်မည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ပြောကြား
Published 14 June 2018

တွက်ချက်မှုမှားခြင်း၊ ခန့်မှန်းခြေမှားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ဆင်းသည့် အခါကွဲလွဲနေမှုများ ဝန်ကြီးဌာန တိုင်း၌တွေ့ရပြီး ၎င်းအခြေအနေများအား သမ္မတအနေဖြင့် သိပြီးဖြစ်ကာ အရေးယူစရာ ရှိသည်များကို အရေးယူလိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက သတင်းထောက်များအား ဇွန် ၁၃ ရက်တွင် ပြောကြားသည်။

ဇွန် ၁၃ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား သတင်းထောက်များက ပြည်ထောင်စုစာရင်းစစ်ချုပ်အနေဖြင့် လက်ရှိဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သမ္မတညွှန်ကြားချက်နဲ့ ပတ်သက်တဲ့ ဥစ္စာလည်းပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေထဲမှာလည်း ပါတယ်။ ပါဖောမန့် အောဒစ်လုပ်မယ်။ အဲဒီလိုလုပ်တဲ့အခါကျရင် ဝန်ထမ်းစီမံခန့်ခွဲတာလည်းပါမယ်။ ပရောဂျက်တွေ စီမံခန့်ခွဲတာလည်းပါမယ်။ နောက်ပြီးတော့ လုပ်ငန်းတွေ စီမံခန့်ခွဲတာလည်းပါမယ်။ သမ္မတကြီးမှာတဲ့အထဲမှာ ဒါတွေပါတယ်။ ဒါတွေပါတော့ ဒါတွေအတွက်ကို ကျွန်တော်တို့က HR Management , Project Management တွေနဲ့ပတ်သက်ပြီးတော့ လုပ်နိုင်တဲ့ အရည်အချင်းပြည့်အောင် သင်တန်းတွေပေးအောင် အသင့်လုပ်ထားတယ်။ ကျွန်တော်တို့တွေ့ရှိခဲ့တာတွေကတော့ အဲဒီတာ တွေကတော့ ဥပမာတွက်ချက်တာမှားလို့ ပြန်လုပ်ခိုင်းတာတို့၊ ခန့်မှန်းခြေမှားလို့ ပြန်လုပ်ခိုင်းတာတို့ ဒါတွေတော့ တွေ့ရှိခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေကြေးကို ပြုန်းတီးတာ အလဟဿမျိုးရှိတာ ဒါမျိုးတွေကလည်း တွေ့ပါတယ်။ တွေ့တဲ့ဥစ္စာတွေကိုလည်း သမ္မတနဲ့ လွှတ်တော်ဆီတင်ထားပါတယ်။ ဒါကလည်း မမှာခင်က တင်ထားတဲ့ဥစ္စာတွေပါ။ တိုင်းဒေသကြီးကတော့ ဘယ်ဝန်ကြီးဌာနမျိုးမဆို အနည်းနဲ့အများတော့ ရှိကြတာပဲ။ တွက်ချက် တာမှားတာတို့ ခန့်မှန်းခြေမှားတာတို့ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့နေရာမှာ မြေပြင်ဆင်းတဲ့အခါမှာ ကွဲနေတာကတော့ အဲဒီတာတွေအတွက်ကတော့ ဝန်ကြီးဌာနတိုင်းလိုလိုတွေ့ရတယ်။ သမ္မတအနေနဲ့ကတော့ သိပြီးသား။ ဆက်ပြီးတော့ အရေးယူစရာရှိအရေးယူပါလိမ့်မယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဘဏ္ဍာငွေအလေအလွင့် မရှိစေရန် အရအသုံးစစ်ချိန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ စစ်ချိန်များတွင် အတွက်အချက်မှားခြင်း၊ ခန့်မှန်းခြေမှားခြင်း၊ လုပ်ဆောင်ချက်မပီပြင်ခြင်းများနှင့်ပတ်သက်၍ သေချာစွာလုပ်ကိုင်ဆောင်ရွက်ပါက ဟန့်တားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လုပ်တဲ့အခါမှာလည်း ဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့တိုင်းဒေသကြီး ပြည်နယ်တွေ စာရင်းစစ်ချုပ်ရုံးတွေကော  နေပြည်တော်မှာရှိတဲ့ စာရင်းစစ်ချုပ်ရုံးကော ကျွန်တော်တို့အနေနဲ့ ပညာရှင်ရဲ့ ကျင့်ဝတ်အရ ပညာရှင်ကျင့်ဝတ်ဆိုတာက ပထမဦး ဆုံးအနေနဲ့ သိက္ခာသမာဓိရှိရမယ်။ သိက္ခာ သမာဓိရှိတာနဲ့ပတ်သက်ပြီး  တော်တော်များများက ဝေဖန်စရာတွေရှိနေတယ်။ နောက်ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုအတွက်လည်း ကျွမ်းကျင်မှုပြည့်အောင်ဆို ပြီးလုပ်ရတယ်။ နောက်လုံ့လဝီရိယစိုက်ပြီးတော့ ကိုယ့်အလုပ်ကိုယ်ဇောက်ချပြီးတော့ လုပ်တာမျိုးလည်း ရှိတယ်။ နောက်ပြီးတော့လည်း တစ်ခုရှိတာက ပွင့်လင်းမြင်သာရမယ် ဆိုတာကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းခွင့်ပြုချက် သို့မဟုတ် ဥပဒေအရမဖြစ်မနေ ပြောရမယ်ဆိုတာက ကိုယ်ကထိန်းသိမ်းစောင့် ရှောက်ရမယ့် ဝတ္တရားရှိရမယ်။ ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာ ပညာရှင်တွေကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုပြီး မှာတယ်။ အကယ်၍ ရိုးသားမှုမရှိဘူး။ မသမာမှုမရှိအောင် ထိထိရောက်ရောက် တကယ်ပြတ်ပြတ်သားသား လုပ်မှာဆိုပြီး အမြဲတမ်းတပ်လှန့်ထားပြီးသား။ အရင်တုန်းက အရအသုံးစစ်ရတယ်။ အခုက လုပ်ဆောင်ချက်ပါစစ်ရတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေပိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းစနစ်တကျ ရှိရမယ်။ မသမာမှုဆိုတာ ပိုက်ဆံမယူတာလေးတစ်ခုတည်းနဲ့ မသမာမှု မဟုတ်ဘူး။ ကိုယ်နဲ့သင့်တဲ့သူကို မျက်နှာသာပေးတယ်။ အဲဒီလိုမျိုးကိစ္စမျိုးကတော့ ကျွန်တော်လုပ်လာခဲ့ကာလ နှစ်နှစ်အတွင်းမှာ သုံးလေးခုလောက်ရှိပါတယ်။ ငွေရေးကြေးရေးကဏ္ဍတော့ မတွေ့ဘူး။ တွေ့ရင်လည်း ထိထိရောက်ရောက် အရေးယူသွားမယ်။ အလွဲသုံးစားလုပ်တာတော့ မတွေ့သေးဘူး” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ဇွန် ၁၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးအတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်သို့ လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent