မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်ထိပ်တွင် ရေကြီးရေအမှတ်ထက် ကျော်လွန်နေပြီး ရွှေစက်တော်ဘုရားအောက်ခြေတော်ရာ တန်ဆောင်းပေါ်သို့ ရေကျော်နေကာ ချောင်းနံဘေးနေသူများ မပေါ့ဆကြရန် တာဝန်ရှိသူများ သတိပေး

မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်ထိပ်တွင် ရေကြီးရေအမှတ်ထက် ကျော်လွန်နေပြီး ရွှေစက်တော်ဘုရားအောက်ခြေတော်ရာ တန်ဆောင်းပေါ်သို့ ရေကျော်နေကာ ချောင်းနံဘေးနေသူများ မပေါ့ဆကြရန် တာဝန်ရှိသူများ သတိပေး
Published 12 June 2018

မန်းချောင်းရေကြီးမှုကြောင့် ရွှေ့စက်တော်ဘုရား အထက်စက်တော်ရာ တန်ဆောင်းအထိ ရေတက်နေစဉ်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှ မင်းဘူး (စကု) မြို့နယ်အတွင်း စီးဆင်းသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်ထိပ်တွင် ဇွန် ၁၀ ရက် ညနေ ၄ နာရီခန့်မှစ၍ ရေကြီးရေအမှတ်အထက် နှစ်ပေခန့် ကျော်လွန်နေပြီး မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းပေါ်သို့လည်း ရေကျော်နေကာ ချောင်းနံဘေးနေထိုင်သူများ မပေါ့ဆကြရန် ဆည်မြောင်းဌာနတာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်မှ ၁၁ ရက်အထိ မိုးရက်ဆက်ရွာသွန်းခဲ့သောကြောင့် ချောင်းအများစုတွင် ရေစီးသန်စွာ ရေတက်ခဲ့ကြောင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်း၊ မန်း၊ စလင်း စသည့်ချောင်းများပေါ်ရှိ ဆည်တမံကြီးများတွင် ရေထုကြီးမားစွာ ဝင်ရောက်ခဲ့ကြောင်း ငဖဲမြို့နယ်အတွင်း မိုးရေချိန် ၃ ဒသမ ၉၄ လက်မ ရွာသွန်းခဲ့သောကြောင့် ရေကြီးရေအမှတ် ၂၄၆ ဒဿမ ၅၀ ပေရှိသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်တွင် ဇွန် ၁၀ ရက် ညနေပိုင်းက ရေအမှတ် ၂၄၈ ဒသမ ၈၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ မန်းချောင်းတွင် ရေပမာဏများစွာ စီးဆင်းလာမှုကြောင့် ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းပေါ်သို့ ရေလျှံဝင်ရောက်ခဲ့ကြောင်း ထိုသို့ရေလျှံဝင်ရောက်မှုသည် မိုးတွင်းကာလတိုင်း ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း မန်းချောင်းတွင် ရေထုပမာဏကြီးစွာ စီးဆင်းမှုကြောင့် စကုမြို့၏ အနိမ့်ပိုင်းရပ်ကွက်များတွင် ဇွန် ၁၀ ရက် ညပိုင်းမှစ၍ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“ဆည်ပေါ်မှ ၆ ဒသမ ၈၀ ပေ ကျော်နေပါသည်။ ယမန်နေ့ (ဇွန် ၁၀ ရက်) မှစ၍ ယခုတိုင် ရေတိုးမှု မရပ်တန့်သေးပါ။ သို့ပါ၍ စကုမန်းချောင်းကမ်းပါးဒေသခံများ ရေလွတ်ပြီ အထင်ဖြင့် မပေါ့ဆကြစေလိုပါခင်ဗျား။ အိုင်းမဆည်ထိပ်တွင် ရေတိုးမှုတည်ငြိမ်ပြီး ပြန်လည်လျော့ကျသည်အထိ အချိန်နှင့်တစ်ပြေးညီ တင်ပြပါမည်။ ဆည်တမံများအတွက် စိတ်အေးကြစေလိုပါသည်။ အိုင်းမဆည်ထိပ် ၇/၂၀၁၅ အမြင့်ဆုံးရေမှတ် ၂၅၂ ဒသမ ၅၀ ပေ (ကိုမန်မုန်တိုင်းကာလ) ဘေးကင်းကြပါစေ” ဟု အိုင်းမဆည်ထိပ်တာဝန်ခံ ဦးစီးမှူး (မြို့ပြ) ဦးဝင်းဇော်ထွန်းက သူ၏ Bo Winzawhtun အမည်ဖြင့် Facebook စာမျက်နှာတွင် ဇွန် ၁၁ ရက် နံနက် ၆ နာရီကျော်က ရေးသားခဲ့ကြောင်း သိရသည်။

ထို့အတူ စလင်းတမံတွင်လည်း ရေပြည့်မှတ်နီးလာသောကြောင့် စလင်းချောင်းနံဘေးတစ်လျှောက် နေထိုင်သူများ ဂရုတစိုက်နေကြရန်နှင့် နောက်ထပ်မိုးလည်းရှိနေနိုင်သေးကြောင်း ဆင်ဖြူကျွန်းမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးကသူ၏ MyatSoe အမည်ဖြင့် Facebook စာမျက်နှာတွင် ဇွန် ၁၁ ရက် နံနက်က ရေးသားခဲ့ကြောင်း သိရသည်။

စလင်း၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များ အတွင်းရှိ ချောင်းများတွင် ရေဝင်ရောက်မှု အခြေအနေနှင့်ပတ်သက်၍ စလင်းမြို့မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်အား Eleven Media Group မှ ဇွန် ၁၁ ရက် နံနက်ပိုင်းက မေးမြန်းခဲ့ရာ ယခင်ဇွန်လဆန်းပိုင်းက မုန်တိုင်းများကြောင့် ပဲတီစိမ်းနှင့် နှမ်းများပျက်စီးခဲ့ကြောင်း၊ စလင်းမြို့နယ် ကျွန်းကလေးကျေးရွာတွင် ဧရာဝတီမြစ် ကမ်းပြိုမှုကြောင့် နေအိမ်ငါးလုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြောင်းရွှေ့ထားရကြောင်း၊ မုန်းချောင်းတွင် ရေတက်မြန်နေသော်လည်း မစိုးရိမ်ရကြောင်း ဖြေကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း မန်းချောင်းရေတက်လာသည်နှင့် ချောင်းနံဘေးဝဲယာရှိမြို့ပေါ်နှင့် ကျေးရွာများသို့ ရေဝင်ရောက်လေ့ရှိကြောင်း ရွှေစက်တော်ဘုရား အောက်ခြေတော်ရာကို ပွဲတော်ပိတ်ပွဲနေ့တွင် အလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် ပြန်လည်ဖုံးအုပ်၍ ခြေတော်ရာအား ကာကွယ်ထားလေ့ရှိကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မုန်းချောင်းရေစံချိန်တင်ကြီး၍ စေတုတ္တရာ၊ စလင်း၊ ပွင့်ဖြူ မြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ထိုချောင်းပေါ်ရှိ ဆည်တမံများသို့ ရေဝင်ရောက်မှု အခြေအနေကို ဒေသခံပြည်သူများက စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။