ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၀၄ ဦးအား မယူကမ်းဒေသ အောင်ဗလကျေးရွာအနီးကမ်းခြေတွင် တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၀၄ ဦးအား မယူကမ်းဒေသ အောင်ဗလကျေးရွာအနီးကမ်းခြေတွင် တွေ့ရှိ
Published 12 June 2018

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ဘင်္ဂါလီများကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မယူကမ်းဆင်ပိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြား ပင်လယ်ကမ်းခြေတွင် တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၀၄ ဦးကို ဇွန် ၁၁ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောင်ဗလကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ပင်လယ်ကမ်းစပ်တွင် လှေတစ်စင်း ဆိုက်ကပ်နေကြောင်း ကုန်တန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ အကြောင်းကြားချက်အရ အငူမော်ဆိပ်ကမ်းတွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ်အောင်ကျော်တင့်ဦးစီးသော အဖွဲ့၊ ဒုရဲမှူးကြီး ကျော်ဝင်းလှိုင်ဦးစီးသောအဖွဲ့နှင့် အငူမော်လဝကမှ ဦးဇော်ဝင်းထွန်းတို့ အပါအဝင် ကုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သွားရောက်ပြီး စစ်ဆေးခဲ့ရာ ကမ်းခြေအတိုင်း လမ်းလျှောက်လာသော ဘင်္ဂါလီ ၁၀၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်ကာ မောင်တောမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ အဆိုပါ ဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကာ လှေပျက်၍ ကမ်းသို့ဆိုက်ကပ်လာသည်ဟု ဆိုသော်လည်း ၎င်းလှေအား ရှာမတွေ့တော့ကြောင်း၊ ယင်းတို့အနက် မြန်မာစကားပြောတတ်သူ အမျိုးသမီးတစ်ဦးသာပါကြောင်း ထိုနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီများမှာ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၅၈ ဦးနှင့် ကလေး ၁၁ ဦးပါဝင်ကြောင်း၊ လှေကြီးတစ်စင်းဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားသဖြင့် ကမ်းသို့ကပ်လာခဲ့ခြင်းဖြစ်ကာ လှေမှာလည်း အောင်ဗလကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် တစ်စစီ ပျက်စီးသွားခဲ့ကြောင်း၊ ဘင်္ဂါလီများအနက် အချို့က မြန်မာစကားကို ပြောဆိုနိုင်ကြောင်း၊ သို့သော်လည်း တစ်ယောက်ချင်းစီ၏ ထွက်ဆိုချက်များမှာ အမျိုးမျိုး ကွဲပြားနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကဟု ပြောဆိုသူများပြားပြီး နယ်စပ်ဒုက္ခသည်စခန်းမှဟု ပြောဆိုသူများလည်းရှိကြောင်း သွားရောက်စစ်ဆေးသည့် အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

“မလေးကို သွားဖို့အတွက် ဘင်္ဂလားဒေ့ရှ်က လာတာလို့ပြောတယ်။ မနက်ပိုင်းက ကမ်းခြေမှာ တွေ့တာပေါ့။ စက်လှေနဲ့ လာတယ်လို့တော့ သူတို့ကပြောပေမဲ့ အဲဒီစက်လှေကိုလည်း မတွေ့မိဘူး။ နောက်တော့ စက်လှေက အောင်ဗလရွာနဲ့ သုံးမိုင်လောက်မှာ ပျက်စီးနေတာကို တွေ့ရတယ်။ စက်လှေကို ဖျက်ဆီးလိုက်တဲ့သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုတော့ မောင်တောကို ခေါ်သွားကြတယ်။ သက်ဆိုင်ရာက လူတွေ လာရောက်ပြီးတော့ ခေါ်သွားတာပါ။ ရခိုင်စကားပြောတတ်တာ တစ်ယောက်ပါတယ်။ အားလုံး ဘင်္ဂလားဒေ့ရှ်ကလို့ ပြောတယ်။ ဘာကြောင့် ရောက်လာတယ်ဆိုတာကိုတော့ သူတို့ဘာသာ သိပါလိမ့်မယ်။ ရဲတွေ၊ နစကတွေ၊ စစ်တပ်တွေရောက်လာပြီး မေးကြတာပါ။ ရဲမှူးတစ်ဦးကဦးဆောင်ပြီး မောင်တောကို ခေါ်သွားပါတယ်” ဟု အောင်ဗလကျေးရွာသား ဦးမောင်သန်းမြက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှ တစ်ဆင့်လည်းကောင်း၊ နတ်မြစ်မှတစ်ဆင့်လည်းကောင်း ခိုးဝင်လျက်ရှိကြောင်း သိရသည်။

ခိုးဝင်လျက်ရှိသည့် ဘင်္ဂါလီများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရပြီး လက်ရှိတွင် ဘင်္ဂါလီများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent