YBS သာမက ကဏ္ဍစုံအသုံးပြုနိုင်သည့် ကတ်စနစ်ကို ကုမ္ပဏီရွေးချယ်ပြီးဖြစ်၍ မကြာမီ စာချုပ်ချုပ်ဆို ဆောင်ရွက်မည်ဖြစ်ပြီး Control Center နှင့်ပတ်သက်၍ ဆောင်ရွက်ရသော လုပ်ငန်းစဉ်များသောကြောင့် ပြီးစီးမည့်အချိန် မပြောနိုင်သေးဟု ဆို

YBS သာမက ကဏ္ဍစုံအသုံးပြုနိုင်သည့် ကတ်စနစ်ကို ကုမ္ပဏီရွေးချယ်ပြီးဖြစ်၍ မကြာမီ စာချုပ်ချုပ်ဆို ဆောင်ရွက်မည်ဖြစ်ပြီး Control Center နှင့်ပတ်သက်၍ ဆောင်ရွက်ရသော လုပ်ငန်းစဉ်များသောကြောင့် ပြီးစီးမည့်အချိန် မပြောနိုင်သေးဟု ဆို
Published 11 June 2018

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော YBS ယာဉ်များကို ဇွန် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

YBS သာမက ကဏ္ဍစုံအသုံးပြုနိုင်သည့် ကတ်စနစ်ကို ကုမ္ပဏီ ရွေးချယ်ပြီးဖြစ်၍ မကြာမီ စာချုပ်ချုပ်ဆောင်ရွက်မည်ဖြစ်ပြီး Control Center နှင့်ပတ်သက်၍ ဆောင်ရွက်ရသော လုပ်ငန်းစဉ် များပြားသောကြောင့် ပြီးစီးမည့်အချိန်ကို မပြောနိုင်သေးကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး (၄၂ ရက်မြောက်နေ့) တွင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “YBS စနစ်စတင် ပြောင်းလဲစဉ်က ကားခငွေပေးချေနိုင်မည့် ငွေဖြည့်ကတ်စနစ်အား သုံးလအတွင်း ကျင့်သုံးမည်ဟု သိရှိရသော်လည်း ယနေ့အထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ YRTA ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ယာဉ်ကြောကျပ်တည်းမှုအား အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းပေးနိုင်ရေးနှင့် YBS ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအတွက် ဒဂုံမြို့နယ်၊ အလုံလမ်းတွင် ဆောင်ရွက်နေသော ခေတ်မီမီးပွိုင့်စနစ် ထိန်းချုပ်ရေးစင်တာ အနေဖြင့် မည်သည့်နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်ကို သိရှိလိုကြောင်း” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုအခါ ယာဉ်စီးခကို ကတ်စနစ်ဖြင့် ငွေပေးချေရန် YBS နဲ့ ညီညွတ်မယ့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီးဖြစ်၍ မကြာမီ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

YBS စနစ်စတင်ပြောင်းလဲစဉ်က ငွေဖြည့်ကတ်စနစ်ကို သုံးလအတွင်းမှာ ကျင့်သုံးနိုင်အောင် အကောင်အထည်ဖော်သည့်အခါ ယာဉ်စီးခများ မှန်ကန်စွာ ရရှိနိုင်ရေး အရေးကြီးသည်နှင့်အညီ YBS စနစ်သို့ ပြောင်းလဲခြင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု၏ ကဏ္ဍအားလုံးကို ပြောင်းလဲဖော်ဆောင်ရခြင်းဖြစ်သည့် အလျောက် မိမိတို့နှင့်ကိုက်ညီသော ယာဉ်စီးခပေးချေသည့် ကတ်စနစ်တစ်ခု မှန်မှန်ကန်ကန်အတွက် လေ့လာဆွေးနွေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာသော တင်ဒါစနစ် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာမှ တင်ဒါတွင် ပါဝင်လာနိုင်ရန် စနစ်ကျသော လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ခြင်းနှင့် Bus ကားစီးခြင်းအတွက်သာမက ကဏ္ဍစုံသုံးစွဲနိုင်ရေး ပြင်ဆင်ရခြင်းတို့ ဆောင်ရွက်ခဲ့ရသောကြောင့် ယခုလို အချိန်ယူရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဝန်ကြီးဒေါ်နီလာကျော်က “Traffic Control Center နှင့် ပတ်သက်တဲ့စာချုပ်က ယခင်ကာလက ချုပ်ဆိုခဲ့တာဖြစ်တဲ့အတွက် လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စာချုပ်တွေပါ ပြန်လည်ညှိနှိုင်းရတာ ရှိပါတယ်။ နောက်တစ်ခုက ချိတ်ဆက်ပြီး ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ် အဆင့်များပြားတဲ့အတွက် Final အဆင့်ကို မရောက်ခင်မှာတော့ အချိန်ယူ ဆောင်ရွက်ရတာဖြစ်သည့်အတွက် အခုချိန်မှာတော့ အတိအကျ မပြောနိုင်သေးသော်လည်း မကြာမီမှာ အချိန်အတိအကျ ထုတ်ပြန်ပေးနိုင်မှာပါ” ဟု ပြောကြားသည်။

ခေတ်မီမီးပွိုင့်စနစ် ထိန်းချုပ်ရေးစင်တာမှာ မီးပွိုင့်စနစ်သာမက ရန်ကုန်မြို့တွင် သွားလာလျက်ရှိသည့် ယာဉ်ကြောများအားလုံးကိုပါ စောင့်ကြည့်ထိန်းချုပ်နိုင်ရေးကို ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခေတ်မီမီးပွိုင့်စနစ်ထိန်းချုပ်ရေးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်မှ စာချုပ်ချုပ်ဆို၍ စတင် အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း၊ Control Center အဆောက်အအုံ တည်ဆောက်ခြင်းမှာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ပြင် CCTV များဖြင့် စောင့်ကြည့်ခြင်း၊ ရန်ကုန်တိုင်း Operator၊ ရန်ကုန်ဘတ်စ်ကားများကို ထိန်းချုပ်သည့် Center တို့တွင် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျန်သည့် မီးပွိုင့်များမှာ ရပ်နားထားသည့် ယာဉ်အသွားအလာ၊ ကားအရေအတွက်ကို လိုက်ပြီးတော့ မီးပွိုင့်၏ ကြာချိန်စနစ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မီးပွိုင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည့် အချိတ်အဆက်များကို လက်ရှိတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ Control Center နှင့် မီးပွိုင့် CCTV များ ချိတ်ဆက်မှုမှာ တပ်ဆင်အသုံးပြုသည့် ပစ္စည်းများ၏ အနေအထားများကို ပြန်လည်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ NetWork ချိတ်ဆက်ရမှုများမှာ ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ လျာထားချက်အတိုင်း အသုံးပြုနိုင်မည့် အခြေအနေကို ရောက်ရှိအောင် စဉ်ဆက်မပြတ် အမြန်ဆုံးတွန်းအား ပေးဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

Most Recent