ပိတ်ပင်ခံရသော်လည်း Facebook ၌ ဆက်ရှိနေမည်ဟု မြန်မာဘုန်းကြီးအချို့ ကတိပြု

ပိတ်ပင်ခံရသော်လည်း Facebook ၌ ဆက်ရှိနေမည်ဟု မြန်မာဘုန်းကြီးအချို့ ကတိပြု
Published 10 June 2018

လူမှုမီဒီယာကုမ္ပဏီကြီးဖြစ်သော Facebook က ဘင်္ဂါလီမွတ်စလင်များကို ပစ်မှတ်ထားပြီး အမုန်းစကားများ ဖြန့်ချိသည်ဟုဆိုကာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီအများအပြားကို ပိတ်ပင်ခဲ့ပြီးနောက် သဘောထား တင်းမာသည့် မြန်မာဘုန်းကြီးအချို့က အမှန်တရားကို ပြောဆိုရန်အတွက် ပိတ်ပင်မှုများကို ရှောင်တိမ်းကာ Facebook ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ဇွန် ၈ ရက် တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့ဖွယ်ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော ကုလသမဂ္ဂအရာရှိများက Facebook သည် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူနည်းစုများကို ဆန့်ကျင်ဝါဒဖြန့်ရန် ရင်းမြစ်တစ်ရပ်ဖြစ်လာသည်ဟု ပြောကြားခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံရေး အင်အားစုတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့သော မြန်မာနိုင်ငံ၏ အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးများနှင့် တက်ကြွ လှုပ်ရှားသူများသည် Facebook ပေါ်တွင် လူနည်းစုအုပ်စု ကို ပစ်မှတ်ထားလျက် အကြမ်းဖက်ပြီး ဒေါသထွက်နေသည့် ပို့စ်များကို ဖြန့်ချိခဲ့ကြသည်ဟု ဆိုသည်။

‘‘ဒါဟာ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ကို ချိုးဖောက်မှုပါ’’ ဟု မြန်မာမျိုးချစ်ဘုန်းတော်ကြီးများ အဖွဲ့ဝင် ဦးသုစိတ္တက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ Facebook က သူ့အား အမုန်းစကားဖြန့်ချိသူအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ပြည်သူတွေဆီ အမှန်တရားကို ပြောဆိုဖို့ရာ တခြားနာမည်တွေ၊ တခြားအကောင့်တွေနဲ့ Facebook ကို ဆက်ပြီးအသုံးပြုသွားမှာပါ’’ ဟု ဦးသုစိတ္တက ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လက ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်သည် အိမ်နီးချင်းဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြကြောင်း ကုလသမဂ္ဂနှင့် အကူအညီပေးရေး အေဂျင်စီများက ပြောကြားခဲ့သည်။

Facebook က ပို့စ်အချို့ကို ဖယ်ရှားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် မေလအတွင်းက ၎င်း၏အကောင့်အား Deactivate လုပ်ခဲ့သော အဆိုပါအဖွဲ့မှ အခြားဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ဦးပညာဝံသက သူသည် အခြားအမည်တစ်ခုဖြင့် Facebook ၌ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး အမှန်တရားကို ဆက်လက်ရေးသားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Facebook က ၎င်းတို့သည် မြန်မာနိုင်ငံ ၌ အလုပ်လုပ်နေသည့် အဖွဲ့များအတွင်း ပိုမို ရင်းနှီးမြှုပ်နှံနေကြောင်းနှင့် မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန် ရန်နှင့် နားလည်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အီးမေးလ်မှတစ်ဆင့် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

‘‘ဒီထပ်ကာထပ်ကာ ကျူးလွန်နေသူတွေ ရဲ့ ရှေ့ကိုရောက်အောင် ကျွန်တော်တို့ အမြဲတမ်း ပိုလုပ်နိုင်ပါတယ်။ သူတို့ကို Facebook ကနေ အတတ်နိုင်ဆုံး အမြန်ဖယ်ရှားနိုင်ဖို့ ကျွန်တော်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုလက် နက်ကိရိယာတွေကို တိုးတက်အောင်ပြုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်’’ ဟု Facebook ကုမ္ပဏီ က ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားအခြေစိုက် Facebook ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ဘာသာစကားများကို ကိုင်တွယ်ရန် လူလုပ်အသိဉာဏ် (Artificial Intelligence) ၌ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ဘင်္ဂါလီမွတ်စလင်များကို ခါးခါးသီးသီး ပြောဆိုမှုအတွက် ထင်ရှားသည့် မဘသဟုခေါ်သော အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့နှင့် ဘုန်းတော်ကြီးအများအပြားကို အမုန်းစကား ပြောဆိုသူများဟု သတ်မှတ်ပြီး Facebook မှ နေ၍ ဖယ်ရှားပစ် ကြောင်း ပြောကြားခဲ့သည်။

မြန်မာဘာသာ Community စံသတ်မှတ်ချက်များကို ဘာသာပြန်ရာတွင် Facebook ကို အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့၏ မန်နေဂျာဖြစ်သော မအိမြတ်နိုးခင်က ဘက်မလိုက်သည့်အပြင် မြန်မာဘာသာစကားကို ကောင်းစွာနားလည်သော ဝန်ထမ်းများကို ပို၍ငှားရမ်းရန် Facebook ကို ပို၍တောင်းဆိုခဲ့သည်။

အကြမ်းဖက်မှုများ၊ ရုန်းရင်းဆန်ခတ် မှုများနှင့် ပဋိပက္ခများကို လှုံ့ဆော်ရန် ကောလာဟလများ ဖြန့်ချိမှု၏ နောက်ကွယ်၌ရှိသော ပွားများနေသည့် အကောင့်များကို ကိုင်တွယ်ရန် Facebook အတွက် ယင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း မအိမြတ်နိုးခင်က ပြောကြားခဲ့သည်။

Most Read

Most Recent