ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ဆေးဝါးထုတ်လုပ်မှုနှင့် BPI ဆေးဝါးဖြန့်ချိမှုများအတွက် သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်နိုင်ငံတို့မှ စစ်ဆေးအသိအမှတ်ပြု ISO လက်မှတ်ရရှိ

ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ဆေးဝါးထုတ်လုပ်မှုနှင့် BPI ဆေးဝါးဖြန့်ချိမှုများအတွက် သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်နိုင်ငံတို့မှ စစ်ဆေးအသိအမှတ်ပြု ISO လက်မှတ်ရရှိ
Published 10 June 2018

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်ထားသည့် ဆေးမှုန့်နှင့် ဆေးရည်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ဆေးဝါး ထုတ်လုပ်မှုများအတွက် သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံအခြေစိုက် Joint Accreditation System of Australia & Newzeland အဖွဲ့အစည်းနှင့် BPI ဆေးဝါးဖြန့်ချိမှုများအတွက် ဗြိတိန်နိုင်ငံအခြေစိုက်  United Kingdom Accreditation Services အဖွဲ့အစည်းတို့က စစ်ဆေး အသိအမှတ်ပြုထုတ်ပေးသည့် ISO 9001:2015 လက်မှတ်ကို ၂၀၁၈ ခုနှစ်  ဧပြီလ အတွင်းက ရရှိခဲ့ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

လက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) တွင်  ပြည်တွင်း၌ထုတ်လုပ်နိုင်ခြင်း မရှိသည့် ဆေးဝါး အမည်သစ်များ တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့်စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေးကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေး လိုင်းသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ယခုအခါ ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ကင်ဆာရောဂါကုသဆေး (Oncology)၊ ဗိုင်းရပ်စ်သတ်ဆေး (AntiViral) နှင့် ရောဂါ ကာကွယ်ဆေး  (Vaccine)ဆေးဝါးများကို အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေးကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေးလိုင်းသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်းနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုး ထုတ်လုပ်ခဲ့ပြီး လက်ရှိ နှလုံး၊ ကျောက်ကပ်၊ အစာအိမ် ရောဂါကုသဆေး အပါအဝင် ဆေးဝါးအသစ် ငါးမျိုးကို FDA အတည်ပြုချက်ရရှိရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုးကို တီထွင် စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲ ရေးဦးစီးဌာန FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဆေးဝါး ၁၇ မျိုးအနက် အိပ်ချ်အိုင်ဗွီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300mg) ဆေး၊ ဗက်တီးရီးယား ပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule  နှင့်  Flocomox Capsule ၊ ကင်ဆာ ဝေဒနာရှင်များအတွက် နာကျင်မှုသက်သာစေသော (Pain Killer) တစ်မျိုးဖြစ်သည့် Tramadol ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြင့်စေသော ဆေးဖြစ်သည့်  Neurovit  Injection ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါ ကုသဆေးဖြစ်သည့်  Dopamine Injection ၊ သွေးတွင်းအဆီကျဆေး  Rosuvastatin Caplet ၊ အစာအိမ်ရောဂါကုသဆေး  Ranitidine Tablet ၊ လက်သန့်ဆေးရည် Hand Sanitize ၊ ဆေးငါးမျိုးကို FDA အတည်ပြုချက်ရရှိရေး လျှောက်ထားလျက်ရှိကြောင်း သိရသည်။