ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ သတိထားရန်လို

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ သတိထားရန်လို
Published 10 June 2018

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ရေကြီးနေစဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုမှုများကို သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်း ရပ်ဝန်းက နောက် ၃၆ နာရီဆိုရင် မုန်တိုင်းငယ်ကို ပြောင်းလဲနိုင်တယ်။ မုန်တိုင်းငယ် ဖြစ်လာရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ဦးတည်ရွေ့လျားမှာဖြစ်တယ်။ ပြီးတော့ မုတ်သုံလေကလည်း အားအလွန် ကောင်းနေတယ်။ အဲဒီနှစ်ခုကြောင့် ဇွန် ၉ ရက်ကနေ ၁၄ ရက်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးတွေပျံ့ပျံ့နှံ့နှံ့ ရွာသွန်းနိုင်တယ်။ ပြီးတော့ လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ လေဖိအားနည်း ရပ်ဝန်းကြောင့် တစ်နာရီ မိုင်လေးဆယ်လောက်အထိ လေတိုက်နိုင်တယ်။ နောက်နှစ်ရက်အတွင်း အလယ်ပိုင်း ဒေသတွေမှာလည်း အခုလေတိုက်တာထက် ပိုပြင်းလာနိုင်တယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ငယ် ချောင်းငယ်တွေမှာ ရုတ်တရက်ရေကြီးတာ၊ တောင်တန်းဒေသတွေမှာ မြေပြိုတာတွေကိုတော့ သတိပြုဖို့ လိုတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇွန် ၉ ရက်ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းတို့ကြောင့် ဇွန် ၁၀ ရက်မှ ၁၄ ရက်အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးရွာမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီးနိုင်ကြောင်း ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။

အဆိုပါ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေခြင်းနှင့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် သတိပြုနေထိုင်ရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် သတိပြုရန် မိုးဇလမှ ထုတ်ပြန်ထားသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ကျောက်ဖြူ၊ သံတွဲနှင့် မာန်အောင်မြို့နယ်တို့တွင် နေအိမ်အဆောက်အအုံ ပျက်စီးမှုများ ရှိခဲ့ပြီး လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများ၏ ခြောက်ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ခဲ့ကြောင်း၊ မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသော ဒေသများသည် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတို့ဖြစ်သည်။