မိုးရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာအနီးရှိ ဘုရားတစ်ဆူ ပြိုကျ

မိုးရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာအနီးရှိ ဘုရားတစ်ဆူ ပြိုကျ
Published 9 June 2018

ပြိုကျပျက်စီးခဲ့သော ဘုရားအမှတ် ၁၃၇၈ မြေစိုက် ဘုရားတစ်ဆူအား တွေ့ရစဉ်

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလဆန်းပိုင်းက ရွာသွန်းခဲ့သည့် မိုးဒဏ်ကြောင့် ဇွန် ၈ ရက် ညနေပိုင်းက မြင်းကပါ ကျေးရွာမြောက်ဘက်၊ မြင်းကပါဂူပြောက် ငယ်ဘုရား၏ အနောက်တောင်ထောင့်ကိုက် ၅၀၀ ခန့်အကွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲရှေ့ရှိ ဘုရားအမှတ် ၁၃၇၈ မြေစိုက်ဘုရားတစ်ဆူ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

“နှောင်းခေတ်လက်ရာတစ်ဆူပါ။ ၁၉၉၇ ခုနှစ်က အလှူရှင်တစ်ဦးပြန်လည်ပြုပြင်ထားတဲ့ဘုရားပါ။ ဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ ပြိုကျသွားတယ်။ မိုးက ဆက်တိုက်လိုရွာနေတော့ မိုးဒဏ်ကြောင့်ဖြစ်သွားတာပါ” ဟု ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊  ပုဂံဌာနခွဲမှ အရာရှိတစ်ဦးက ပြော ကြားသည်။

အဆိုပါ ပြိုကျပျက်စီးခဲ့သော ဘုရားသည် ဉာဏ်တော်အမြင့် ၂၇ ပေခန့်ရှိပြီး ၂၀၀၃ ခုနှစ်တွင် အက်ကြောင်းများပေါ်ထွက် လာမှုကြောင့် သံခါးပတ်များနှစ်နေရာပတ် ထားခဲ့ကြောင်း၊ ပြန်လည်ပြုပြင်စဉ်က ဝမ်းစာ အခြောက်များဖြင့် ဆောင်ရွက်ခဲ့သဖြင့် မိုးရွာသည့်အခါ မိုးရေစိမ့်ဝင်ပြီး ဝမ်းစာအခြောက်များ ကန်ထွက်သဖြင့် စေတီတော်၏ အရှေ့ ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တို့ သုံးပုံ နှစ်ပုံခန့်ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးရွာသွန်းမှုကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု နှစ်စဉ် ကြုံတွေ့ရကြောင်း၊ ပုဂံ-ညောင်ဦးတွင် ယခု လဆန်းပိုင်းရွာသွန်းခဲ့သော မိုးရေချိန်များမှာ မေ ၃၀ ရက်တွင် ၄ ဒသမ ၇၆ လက်မ၊ ဇွန် ၃ ရက်တွင် ၁ ဒသမ ၂၂ လက်မ၊ ၅ ရက်တွင် ၀ ဒသမ ၇၁ လက်မ၊ ၆ ရက်တွင် ၂ ဒသမ ၆၄ လက်မ၊ ၈ ရက်တွင် ၀ ဒသမ ၂၀ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။