မလေးရှားနိုင်ငံမှ တရားမဝင် အလုပ်သမားများ ငှားရမ်းခြင်းအစီအစဉ်ကို ဇွန်လကုန်မှစ၍ ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး

မလေးရှားနိုင်ငံမှ တရားမဝင် အလုပ်သမားများ ငှားရမ်းခြင်းအစီအစဉ်ကို ဇွန်လကုန်မှစ၍ ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Published 9 June 2018

မလေးရှားနိုင်ငံမှ တရားမဝင်အလုပ်သမားများ ငှားရမ်းခြင်းအစီအစဉ် (Rehiring Programme) ကို ဇွန်လကုန်မှစ၍ ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန် ၇ ရက် တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အသိပေးကြေညာချက်တွင် မလေးရှားနိုင်ငံအစိုးရသည် မလေးရှားနိုင်ငံတွင်းရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ပြဿနာကို တင်းကျပ်သည့် စည်းမျဉ်းဥပဒေများနှင့်အညီ အလေးပေးကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် တရားမဝင် အလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးမှုအား ဇွန် ၁ ရက်တွင် ကွာလာလမ်ပူမြို့ Petaling  လမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးရေး လုပ်ငန်းစီမံချက်ကို စတင်ချမှတ်ခဲ့ပြီး တရားမဝင် အလုပ်သမား ၁၇၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လကုန်နောက်ပိုင်းမှစ၍ တရားမဝင် အလုပ်သမားများ ငှားရမ်းခြင်း အစီအစဉ် (Rehiring Programme) ကို ဆက်လက် ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး Muhyiddin Yassin မှ တရားဝင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံရုံး၏ အသိပေးကြေညာချက်တွင် ပါရှိခဲ့သည်။

ယင်းကဲ့သို့ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာမှုမှာ မလေးရှားနိုင်ငံ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်အသစ်တက်လာပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယခင်က ၁၀ နှစ်ကျော် သက်တမ်းရှိများပင် သက်တမ်းတိုး၍ ဆက်လက်လုပ်ကိုင်ခွင့်ရရှိ ခဲ့ကြောင်း မလေးရှားတွင် သွားရောက်အလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံမှ သိရသည်။