မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသူအား တိုက်ပြီး မောင်းပြေးခဲ့သည့် ယာဉ်မောင်း အပါအဝင် လေးဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသူအား တိုက်ပြီး မောင်းပြေးခဲ့သည့် ယာဉ်မောင်း အပါအဝင် လေးဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး
Published 22 August 2017

ထွက်ပြေးသည့် ယာဉ်မောင်းနှင့် လူသုံးဦးကို ရပ်ကွက်နေသူများက ဝိုင်းဖမ်းစဉ် (ဓာတ်ပုံ-ပုလဲအရန်မီးသတ်တပ်ဖွဲ့)

မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား တိုက်မိပြီး ယာဉ်အား မောင်းနှင် ထွက်ပြေးခဲ့သည့် ယာဉ်မောင်းပါ လေးဦးကို အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၂၁ ရက်တွင် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

သြဂုတ် ၂၀ ရက် ည ၉ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် အမှတ်(၃) လမ်းအတိုင်း၊ ထောက်ကြန့်ဘက်မှ မင်္ဂလာဒုံဘက်သို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကို....(၂၉) နှစ် မောင်းနှင်လာသည့် ကိုရိုလာဖီဒါ အမျိုးအစား အငှားယာဉ်သည် ရခိုင်ကျောင်းမှတ်တိုင် အလွန်အရောက် လမ်းဖြတ်ကူးသူ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ကို... (၃၃)နှစ် အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

“ ဝင်တိုက်မိပြီးတော့ သူတို့က ကားကို မောင်းပြေးတာပေါ့။ အဲဒါနဲ့ အနားမှာရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ကျွန်တော်တို့နဲ့ လိုက်ဖမ်းတာပေါ့။ လိုက်ဖမ်းတော့ သူတို့ကို အောင်မင်္ဂလာ အဝေးပြေးဝင်းရှေ့မှာ မိတယ်။ မိတော့ ကားပေါ်မှာက လူလေးယောက် ပါတယ်။ ကားကတော့ အငှားယာဉ်ပါ။ ကားငှားစီးလာတဲ့ သဘောမဟုတ်ဘူး။ အားလုံးအတူတူ နယ်ဘက်က ပြန်လာတဲ့ပုံစံပါ။ နောက်တော့ သက်ဆိုင်ရာ ရဲတာဝန်ရှိသူတွေ ရောက်ရှိလာပြီး ထိန်းသိမ်း ခေါ်ဆောင်သွားခဲ့ပါတယ်” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ တိုက်မိခဲ့သဖြင့် လမ်းဖြတ်ကူး သူ ကို...(၃၃နှစ်) မှာ ဦးခေါင်းနောက်စေ့ ဖူးရောင်၊ နဖူးထိပ် စုတ်ပြဲ၊ ယာချိုင်းအောက် စုတ်ပြဲ၊ ယာတံတောင် စုတ်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ထောက်ကြန့်နယ်မြေ ရဲစခန်းက ယာဉ် (ပ)၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က/၂၇၉ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။