တရုတ်သို့ ဆန်၊ သကြား၊ ပြောင်းနှင့် အခြား လယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဇွန်လအတွင်း နားလည်မှုစာချွန်လွှာ ရေးထိုးမည်

တရုတ်သို့ ဆန်၊ သကြား၊ ပြောင်းနှင့် အခြား လယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဇွန်လအတွင်း နားလည်မှုစာချွန်လွှာ ရေးထိုးမည်
Published 9 June 2018

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ် လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ် အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ဇွန်လအတွင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“တရုတ်နဲ့ကတော့ လယ်ယာထွက်ကုန်ပစ္စည်းတွေပေါ့။ သူတို့ဘက်က ဒီဘက်ကလိုအပ်တဲ့ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတို့ စသဖြင့်ပေါ့။ မြန်မာနိုင်ငံဘက်က လိုအပ်တဲ့ဟာတွေ တင်သွင်းမယ်ဆိုတာ လက်မှတ်ထိုးဖို့တော့ ယူနန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကုန်သွယ် ရေးဦးစီးဌာနနဲ့ MoU လက်မှတ်ထိုးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့တွေ UMFCCI တို့ ဆန်စပါးအသင်းချုပ်တို့နဲ့ အသေးစိတ် အခြေအနေ ညှိနှိုင်းပြီးတော့မှ လက်မှတ်ထိုးဖို့ကိစ္စ ရှိလာတာပါ။ လက်မှတ်ထိုးတာကတော့ ဒီလထဲမှာ ထိုးဖြစ်မှာပါ”  ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ် နိုင်ငံဘက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါ ပို့ကုန်တန်ဖိုးနှင့်ညီမျှသော တရုတ်နိုင်ငံဘက်မှ လယ်ယာစိုက်ပျိုး ရေးသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သံနှင့် သံမဏိပစ္စည်းများအား ပြန်လည်တင်သွင်းနိုင်မည်ဖြစ်သည်။

“ဒီလက်မှတ်ထိုးမှုက အဓိကက နှစ်နိုင်ငံ ဒါမျိုးလက်မှတ်ထိုးတယ်ဆိုရင် Quota ဆိုတာကို ကျော်လွှားသွားတာပေါ့။ လက်ရှိဆိုရင် နယ်စပ်ကုန်သွယ်ရေးလုပ်နေတယ်၊ ပင်လယ်ရေကြောင်းကနေ ပုံမှန်ကုန်သွယ်ရေး လုပ်နေတယ်။ ပုံမှန်ကုန်သွယ်ရေးက နိုင်ငံအစုံကို တင်ပို့တာပေါ့။ အခုကကျတော့ Bi Lateral Trade ပေါ့။ နှစ်နိုင်ငံစာချုပ်ချုပ်တာပေါ့။ အဲဒါက ကိုတာ သတ်မှတ်ချက်နဲ့ အကျုံးမဝင်ဘူး။ ဒါကြောင့်မို့ တရားဝင်ဖြစ်သွားတာပေါ့”ဟု ၎င်းက ပြောကြားသည်။

“တကယ်တမ်း အရောင်းအဝယ်စာချုပ်ကိုတော့ ကုန်သည်အချင်းချင်းက ချုပ်မှာဖြစ်ပြီး ဝန်ကြီးဌာနမပါတော့ဘူး။ ကုန်သွယ်ရေးဦးစီးဌာနက ယူနန်ပြည်နယ်အစိုးရအဖွဲ့နဲ့သာ နှစ်ဖက်ချုပ်ဆိုပေးတာပေါ့။ Bilateral ချုပ်ဆိုပေးတယ်။ တကယ်တမ်း အရောင်းအဝယ် ချုပ်တဲ့အခါမှာတော့ သက်ဆိုင်ရာကုန်သည် လုပ်ငန်းရှင်တွေကပဲ အသင်းအဖွဲ့တွေကပဲ ချုပ်ဆိုရမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် တရုတ်နိုင်ငံသည် ကုန်သွယ်မှုပမာဏအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

အလားတူ နယ်စပ်ကုန်သွယ်မှုများတွင်လည်း မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်ရေးသည် အများဆုံးဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

နယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသအတွင်းရှိ  တိုင်းရင်းသားလုပ်ငန်းရှင်များအပါအဝင် ကုန်သည် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိနိုင်ခြင်း၊ ကုန် သွယ်လုပ်ငန်း ကွင်းဆက်တစ်လျှောက်ရှိ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာခြင်းနှင့် ဒေသတွင်း လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။