KIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ တပ်မတော်က စစ်အင်အားတိုးချဲ့မှုများ ရှိနေဟု KIO ပြောရေးဆိုခွင့်ရှိသူ ပြောကြား

KIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ တပ်မတော်က စစ်အင်အားတိုးချဲ့မှုများ ရှိနေဟု KIO ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 7 June 2018

ကချင်ပြည်နယ်တွင် တပ်မတော်စစ်ကြောင်းများ သာမန်ထက်လွန်ကဲသော စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာဘက်သို့ တပ်မတော်က စစ်အင်အား တိုးချဲ့မှုများရှိနေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများ ရပ်တန့်နေပြီး တပ်မတော်စစ်ကြောင်းများမှ မူလတပ်စွဲထားသော နေရာများမှ ပြန်ရုပ်သိမ်းသွားသော်လည်း ကချင်ပြည်နယ်အတွင်းမှ ထွက်ခွာသွားခြင်းမျိုးမရှိဘဲ စစ်ကြောင်းအချို့မှာ လိုင်ဇာဌာနချုပ်အနီးသို့ စစ်အင်အား လာရောက်ဖြည့်တင်းနေသည်ဟု အောက်ခြေက သတင်းပေးပို့ကြောင်း ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

“အခုတစ်လောကတော့ ဒီတစ်ပတ် အတွင်းထဲမှာ ဒီလိုင်ဇာဌာနချုပ်ပတ်ဝန်းကျင်က တပ်တွေထဲမှာ စစ်အင်အားတွေ ပြန်ဖြည့်တင်းနေတယ်ဆိုတဲ့သတင်း ကျွန်တော်တို့ ကြားသိရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခန့်မှန်းတာက သူတို့တပ်တွေ အချင်းချင်း အပြောင်းအလဲတွေများ ဖြစ်သလားလို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ကျွန်တော်တို့ ကြားသိရတာကတော့ မူလထိုးထားတဲ့ တခြားနေရာမှာ ထိုးထားတဲ့စစ်ကြောင်းတွေကို ပြန်ရုပ်ပြီးမှ ဒီ KIA ဌာနချုပ် ပတ်ဝန်းကျင်ကတပ်တွေ၊ နောက်ပြီးတော့ တပ်မဟာ (၃) မိုင်ဂျာယန် ပတ်ဝန်းကျင်ကတပ်တွေမှာ သူတို့က အင်အားတွေ ဖြည့်ထားတယ်လို့ အောက်ခြေက သတင်းပို့တာတွေ ကြားသိရပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်မှ မေလ တတိယပတ်ခန့်အထိ တပ်မတော်နှင့် KIA တို့သည် ကချင်ပြည်နယ်၊ ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်း၊ နမ္မတီး စသည့် ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ယခုအခါ အဆိုပါဒေသများမှ စစ်ကြောင်းအချို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကာ တိုက်ပွဲများလည်း ငြိမ်သက်နေကြောင်း သိရသည်။

သို့သော်လည်း ကချင်ပြည်နယ်တွင် တပ်မတော်၏ စစ်ကြောင်းများသည် သာမန်ထက်လွန်ကဲသော စစ်ရေးလှုပ်ရှားမှုနှင့် ခရီးသွားလာမှုများ ရှိနေသည်ဟု မြစ်ကြီးနားအခြေစိုက် KIO နည်းပညာ အကြံပေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက မြေပြင်အခြေအနေကို ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေမှုကို အခွင့်အရေးကောင်းအဖြစ် ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန်မှာ KIO/KIA ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည့်အတွက် မှတ်ချက်မပေးလိုသော်လည်း အကယ်၍ လိုင်ဇာပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာမည်ဆိုပါက လိုင်ဇာဒေသအနီးတစ်ဝိုက်မှ ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူလူထုများ ပိုမိုဒုက္ခရောက်မည်ဟု ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။