ရေးမြို့နယ် လမိုင်းမြို့အတွင်းသို့ ရောက်ရှိနေသော တရုတ်နိုင်ငံသား လေးဦးအား လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ အမှုဖွင့် အရေးယူထားဟု သိရ

ရေးမြို့နယ် လမိုင်းမြို့အတွင်းသို့ ရောက်ရှိနေသော တရုတ်နိုင်ငံသား လေးဦးအား လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ အမှုဖွင့် အရေးယူထားဟု သိရ
Published 7 June 2018

ရေးမြို့နယ် လမိုင်းမြို့အတွင်းသို့ ရောက်ရှိနေသော တရုတ်နိုင်ငံသား(၄) ဦးအား လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ အမှုဖွင့် အရေးယူထားဟု သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၄ ရက်က ရေးမြို့နယ် (လ/က) ဦးစီးဌာနမှ ဒုလဝကမှူး ဦးစိုးအောင်၊ လမိုင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ခန့်မျိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရေးမြို့နယ် ဒုံဖီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးကြည်တို့မှ ရေးမြို့နယ် လမိုင်းမြို့၊ ဒုံဖီစံပြကျေးရွာနေ ဦးထွန်းမြင့် (၆၄ နှစ်) (ဘ) ဦးစောခွား၏ ရော်ဘာခြံအတွင်း တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ၊ ဦးထွန်းမြင့်၏ ရော်ဘာခြံအတွင်းရှိ ကွမ်းသီးသိုလှောင်သည့် ဂိုဒေါင်၌ တရုတ်နိုင်ငံသား MR.CAO GUAMGING (၄၈ နှစ်) PP.No. E 51553884/Visa EV(B) IA 001635၊ MR.CAO.CAN (၂၈ နှစ်) (PP.No.E 37875269/ Visa EV(B) 1992411)၊ MR.ZHANG YOUFENG (၅၆ နှစ်) PP.No.EC 8816678 Visa EV(B) 1992410 နှင့် MR.ZHANGU (၃၇ နှစ်) PP.No.EC 7985766/ Visa EV(B) 1992273 တို့ လေးဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့လေးဦးသည် ရေးမြို့နယ် ဒုံဖီစံပြကျေးရွာ၌ ကွမ်းသီးဝယ်ယူရန်အတွက် ရန်ကုန်မြို့မှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ရော်ဘာခြံရှိ ဂိုဒေါင်အတွင်း ဇွန် ၁ ရက်မှစ၍ ရောက်ရှိနေထိုင် နေကြခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“သူတို့မှာ နိုင်ငံကူးလက်မှတ်တွေ၊ ပြည်ဝင်ဗီဇာနဲ့ နေထိုင်ခွင့်တို့လည်း ပါရှိပါတယ်။ ဒါပေမယ့် ရေးမြို့နယ်က နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်အရ မြို့ပေါ်ခွင့်ပြုချက်ရှိပြီးတော့ မြို့ပြင်ခွင့်ပြုချက် တောင်းခံရတဲ့ဒေသ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံသားလေးဦးဟာ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ-၄ (၂) အရ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ပြီးတော့ နေထိုင်ခဲ့တဲ့အတွက် ရေးမြို့နယ် ဒုလဝကမှူး ဦးစိုးအောင်က တရားလိုပြုလုပ်ပြီးတော့ လမိုင်းနယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်” ဟု လမိုင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသား လေးဦးအပေါ် လမိုင်းနယ်မြေရဲစန်းမှ (ပ) ၁၇/၂၀၁၈ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ-၄ (၂) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။