တရုတ်တစ်ရှူး ငှက်ပျောခင်းများ ကချင်ပြည်နယ် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် စိုက်ပျိုးနေသည်ကို တရားစွဲဆိုရန် ပြင်ဆင်နေ

တရုတ်တစ်ရှူး ငှက်ပျောခင်းများ ကချင်ပြည်နယ် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် စိုက်ပျိုးနေသည်ကို တရားစွဲဆိုရန် ပြင်ဆင်နေ
Published 6 June 2018

ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်နှင့်အဖွဲ့ နန့်ဝါသစ်တောကြိုးဝိုင်းတွင် တစ်ရှူးငှက်ပျော စိုက်ပျိုးရန် ပြင်ဆင်နေသည်ကို ကွင်းဆင်းစစ်ဆေးစဉ်

တရုတ်တစ်ရှူးငှက်ပျောခင်းများ ကချင်ပြည်နယ် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် စိုက်ပျိုးနေသည်ကို တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဇွန် ၄ ရက်က ဝိုင်းမော်မြို့နယ်၊ မုတ်ကျိတ်၊ နန့်ဝါကျေးရွာ အနီးရှိ နန့်ဝါသစ်တောကြိုးဝိုင်းအတွင်း တရားမဝင် တရုတ်တစ်ရှူး ငှက်ပျောခင်းများ စိုက်ပျိုးနေမှုကို ဒေသခံများက တိုင်ကြားသောကြောင့် ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦး H လအောင်က ယခု ကွင်းဆင်းစစ်ဆေးမှုနှင့် ပတ်သက်၍ “ကျွန်တော်နဲ့ တခြားအဖွဲ့တွေပေါ့။ လွှတ်တော်ကိုယ်စားလှယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပါပါတယ်။ ကွင်းဆင်းစစ်ဆေးတာပါတယ်။ နန့်ဝါသစ်တောကြိုးဝိုင်းမြေ ဧက ၅၈၀ လောက် တစ်ရှူးငှက်ပျောစိုက်တဲ့အထဲ ပါသွားတယ်ပေါ့။ လုပ်ကိုင်နေတာက ဦးညွန့်အောင် ကုမ္ပဏီကလို့ သိရတယ်။ တိုင်စာလည်းရောက် လွှတ်တော်မှာလည်း တင်ပြနေတော့ သွားစစ်တာပေါ့။ အကုန်လုံးပြောင်းအောင် လုပ်ထားပြီ။ အလုပ်သမားတွေလည်း တရုတ်နိုင်ငံသားတွေပေါ့။ သစ်တောဧရိယာထဲမှာ ကြိုးဝိုင်း၊ ကြိုးပြင် ဥပဒေရှိတယ်။ ကျွန်းပါရင် အပက (၃) အထိရှိတယ်။ တရားစွဲဖို့လည်း အသေးစိတ် အစီရင်ခံစာတင်ဖို့မှာ မြို့နယ်အဆင့်ကို ညွှန်ကြားထားပါပြီ။ သမိုင်းကြောင်း စေ့စေ့ငှငှလုပ်ဖို့လည်း မှာထားတယ်။ အခုလေးလပတ် အစည်းအဝေးမှာလည်း ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရ ပူးပေါင်းဖြေရှင်းရမယ့် အပိုင်းတွေလည်း ပါနေတယ်။ ကြိုးဝိုင်းတွေ ဆိုပေမယ့် ကချင်ပြည်နယ်မှာက တစ်ဖက်က လက်နက်ကိုင် အဖွဲ့တွေကလည်း ရှိနေတတ်တော့ ဝန်ထမ်းတွေက သွားလာရေး ခက်နေတာပေါ့။ သစ်တောကြိုးဝိုင်းထဲ ကျူးကျော်လုပ်ကိုင်နေတဲ့ အလုပ်မှန်သမျှ ဥပဒေရှိပြီးသား ဖြစ်ပါတယ်။ ဘယ်သူ့ညွှန်ကြားချက်မှ မလိုပါဘူး။ တရားစွဲဆိုဖို့လည်း လုပ်နေကြပြီလို့ သိရပါတယ်။ ကျွန်တော့်ဆီကို အသေးစိတ် အချက်အလက် မရောက်သေးပါဘူး” ဟုပြောကြားသည်။

ကချင်ပြည်နယ် သစ်တောဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “ဝူယန်ကျေးရွာအနီး နန့်ဝါသစ်တောကြိုးဝိုင်း အတွင်းမှာ ဧက ၄၀၀ နီးပါးလောက် ပါပါတယ်။ ကျူးလွန်တဲ့ မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီက မန်နေဂျာ ဒေါ်ဒိန်းမျှော်ကိုတွေ့ပြီး တားထားပြီး ဖြစ်ပါတယ်။ သစ်တောဥပဒေအရ အရေးယူဖို့ စီစဉ်နေပါတယ်။ အမှုတွဲ တည်ဆောက်ပြီး ဥပဒေအရာရှိနဲ့ တိုင်ပင်ပြီး တရားရုံးမှာ တင်ပြရမှာ ဖြစ်ပါတယ်။ သစ်တောကြိုးဝိုင်းတွေမှာ တစ်ရှူးငှက်ပျောစိုက်တာ ဧကပေါင်း ၅၀၀၀ လောက် ရှိနေတယ်ဆိုတဲ့ ဒေသခံ ပြောကြားချက်တွေဟာ မှန်နိုင်ပါတယ်။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် တဖြည်းဖြည်း အရေးယူဖို့ လုပ်နေတယ်။ ဒေသခံတွေနဲ့ ပြည်ပတစ်ရှူးငှက်ပျော ပညာရှင်တွေနဲ့ ပူးပေါင်းစိုက်နေကြတာ ဖြစ်ပါတယ်။ သစ်တောဧရိယာဟာ ကျယ်ဝန်းတော့ နယ်မြေမအေးချမ်းရင် သွားလာစစ်ဆေးဖို့ ခက်ပါတယ်။ ဒေသခံတွေက ကိုယ့်ပတ်ဝန်းကျင်က သစ်တောတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးဖို့ အားလုံးနဲ့ ဝိုင်းဝန်းလက်တွဲကြရင် တစ်ရှူးငှက်ပျော ပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိကျင့်သုံးနေသော ကြိုးဝိုင်းသစ်တော ဥပဒေအရ (က) ကြိုးဝိုင်းတောအတွင်း ကျူးကျော် ဝင်ရောက် နေထိုင်ခြင်း၊ (ခ) ကြိုးဝိုင်းတောအတွင်း အိမ်မွေးတိရစ္ဆာန်များ စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော်ဝင်ရောက်စေခြင်း၊ (ဂ) ကြိုးဝိုင်းတောအတွင်း ခွင့်ပြုမိန့်မရရှိဘဲ ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း သို့မဟုတ် မူလအနေအထား ယိုယွင်းစေခြင်း၊ (ဃ) ကြိုးဝိုင်းတောအတွင်း ရေစီးရေလာ ပျက်စီးစေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သော အရာများ အသုံးပြုခြင်း (င) ကြိုးဝိုင်းတောအတွင်း တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ အမဲပစ်ခတ်ခြင်း၊ ငါးဖမ်းခြင်း (စ) ကြိုးဝိုင်းတောအတွင်း သစ်တောများ မီးကူးစက် ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးဖိုခြင်း၊ မီးသယ်ယူခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန် ထားရှိခြင်း ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအားငွေ ဒဏ်ကျပ် ၅၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ကြိုးဝိုင်းငါးခုရှိပြီး တာလောကြီးဒေသတွင် တာလောကြီး ကြိုးဝိုင်း ၉၇၉၂ ဧက၊ မလော်ကြိုးဝိုင်း ဧက ၁၃၁၂၀၊ အရိန္ဒမာကြိုးဝိုင်း ၁၀၆၀၃ ဧက၊ ဥပယာသကြိုးဝိုင်း ၉၆၅၄ ဧက တို့တွင် တရုတ်တစ်ရှူး ငှက်ပျောခင်းများ တိုးချဲ့နေခြင်း ဖြစ်ကြောင်း သိရသည်။ တာလောကြီး ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်မြင့်က “အခုက ရွာကထွက်တာနဲ့ ငှက်ပျောတွေ စိုက်နေကြပြီ။ ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒပြတာလည်း အစိုးရ အရာရှိတွေလည်း ကွင်းမဆင်းကြဘူး။ နယ်မြေလုံခြုံရေး မရှိဘူး ဆိုတာလည်း မဟုတ်ပါဘူး။ လုပ်မှမလုပ်တာ။ ဆန္ဒပြတော့ မြေဈေးတော့ တက်သွားတယ်။ အရင်က ဆန္ဒပြသူတွေလည်း မြေရောင်းတဲ့သူ၊ ငှားတဲ့သူတွေနဲ့ အသင်းကွဲကုန်ပြီ။ တာလောကြီးနယ်က ကြိုးဝိုင်းတွေလည်း ကုန်နေပါပြီ။ အားလုံးကို တရုတ်ငှက်ပျော ကုမ္ပဏီတွေက ငွေနဲ့ဖုံးလိုက်ပြီ။ ကျွဲ၊ နွား စားကျက်တွေလည်း ကုန်ပြီလေ။ အစိုးရကို စာပို့တယ်။ တောင်းဆိုတယ်။ ဆန္ဒပြတယ်။ အစိုးရကို အားကိုးတယ်။ ဒီနေ့အထိ ဘာမှမလုပ်တာ အံ့သြနေတာ။ ဘာမှမတတ်နိုင်တော့ဘူး။ ပွင့်ပွင်းလင်းလင်း ပြောရရင် ကျွန်တော်တို့ ကျဆုံးသွားပြီ” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် မေလက ကောက်ယူထားသော စာရင်းများအရ ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူးငှက်ပျော စိုက်ဧက ၄၀၀၀၀ ကျော်ရှိကြောင်း သိရပြီး ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ ခွင့်ပြုချက် ရပြီးသော မြေလွတ်၊ မြေရိုင်းတွင် ဧက ၄၉၆၀၊ ခွင့်ပြုချက် မရသေးသော မြေလွတ်မြေရိုင်းတွင် ၆၁၆၇ ဧက၊ ပုံစံ (၇) ရပြီးမြေတွင် ၃၁၆၇ ဧက၊ ပုံစံ (၇) မရရှိသေးသည့် မြေတွင် ၉၃၄၈ ဧက၊ သစ်တောမြေတွင် ၄၂၀၅ ဧက ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ တရုတ်တစ်ရှူး ငှက်ပျောခင်းများ နိုင်ငံနှင့် ဒေသခံ ပြည်သူများ နစ်နာမှု မရှိစေရေး ကြပ်မတ်စီမံ ဆောင်ရွက်ရေး အဆိုကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်က ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းဆုံးဖြတ်ခဲ့ပြီး အဆိုအောင်မြင်ခဲ့သည်။ ယင်းအဆိုမှာ ကချင်ပြည်နယ် လွှတ်တော်တွင် တစ်ရှူးငှက်ပျောခင်းများနှင့် ပတ်သက်ပြီး နှစ်ကြိမ်မြောက် တင်သွင်းသည့် အဆိုဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်လက်တိုးချဲ့ စိုက်ပျိုးနေသည့် တရုတ်တစ်ရှူး ငှက်ပျောခင်းကိစ္စကို ပြည်ထောင်အစိုးရက ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ်တစ်ရှူး ငှက်ပျော်ခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကေအိုင်အို အဖွဲ့ကလည်း တစ်ရှူးငှက်ပျော စိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ရှောင် ကျေးရွာများ၏ မြေများ အဓမ္မသိမ်းယူခြင်း မပြုရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။