မန္တလေးမြို့ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသတင်းအရ ဝင်ရောက်ရှာဖွေပြီး တဲရှစ်လုံးကို ဖျက်ဆီး

မန္တလေးမြို့ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသတင်းအရ ဝင်ရောက်ရှာဖွေပြီး တဲရှစ်လုံးကို ဖျက်ဆီး
Published 6 June 2018

မန္တလေးမြို့ကမ်းနားလမ်းရှိ တဲအချို့အား သက်ဆိုင်ရာကဖျက်သိမ်းနေသည်ကို တွေ့ရစဉ်

မန္တလေးမြို့ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေပြီး ကျော်စောသတင်းရှိ တဲရှစ်လုံးကို စည်ပင်သာယာမှ ဇွန် ၅ ရက်က ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

အင်တာနက်စာမျက်နှာများတွင် ဇွန် ၅ ရက် နံနက်အစောပိုင်းက မန္တလေးမြို့၊ ကမ်းနားလမ်း တာရိုးအနီး မူးယစ်ဆေးဝါးသုံးစွဲ နေကြသည့်ဗွီဒီယိုဖိုင် တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဗွီဒီယိုဖိုင်တက်လာပြီးနောက် ဇွန် ၅ ရက် နံနက် ၈ နာရီခန့်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ် ကမ်းနားလမ်းအနောက်ဘက်တွင် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့်သုံးစွဲသူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ခြင်းမရှိဘဲ တဲများကိုသာ ဖျက်သိမ်းခဲ့သည်ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဧရာဝတီမြစ်ထဲက ကျူးကျော်တဲရှစ်ခုလုံးကို ဖျက်ဆီးခဲ့ပါတယ်။ မူးယစ်ဆေးဝါးရော၊ ဆက်စပ်ပစ္စည်းရော၊ လူတွေရော ဖမ်းဆီးရမိခြင်း မရှိပါဘူး။ မူးယစ်ဆေးဝါး ရောင်းချတယ်လို့ သတင်းရရှိတာကြောင့် ဒီအိမ်တွေကို ဖျက်ဆီးရခြင်း ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မူးယစ်ဆေးဝါးရောင်းချတယ်လို့ သိရခြင်းဖြစ်ပါတယ်။ စည်ပင်သာယာဥပဒေနဲ့ ဖျက်သိမ်းတာပါ” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင်က ပြောကြားသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သတင်းများထွက်ပေါ်နေခဲ့သော ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအတွင်းသို့လည်း ဇွန်၂ ရက်က ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျော်စောသတင်းရှိ နေအိမ် ၂၃ လုံးကို  ဖျက်သိမ်းခဲ့ပြီး တရားခံရှစ်ဦး ဖမ်းဆီးရမိထားကြောင်း၊ မိုးကုတ်မြို့တွင် မူးယစ်သတင်းအရ ဝင်ရောက်ဖမ်းဆီးရာရောင်းချသူမှ ဓားဖြင့်ပြန်လည် ရန်ပြုသောကြောင့် သေနတ်ပစ်ခတ်ခဲ့ရပြီး ရောင်းချသူနှင့်သုံးစွဲသူ စုစုပေါင်း ၁၅ ဦးကို  ဇွန် ၃ ရက်က ဖမ်းဆီးထားသည်။