မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမများ၊ သစ္စာလေးပါး တရားတော်များကို မပျောက်ပျက်စေရန် စစ်ကိုင်းတောင် မြောက်ဘက်တွင် ကျောက်ထက် အက္ခရာတင် ဓမ္မစေတီ ၁၃၅၀ ကျော် တည်မည်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမများ၊ သစ္စာလေးပါး တရားတော်များကို မပျောက်ပျက်စေရန် စစ်ကိုင်းတောင် မြောက်ဘက်တွင် ကျောက်ထက် အက္ခရာတင် ဓမ္မစေတီ ၁၃၅၀ ကျော် တည်မည်
Published 3 June 2018

စကျင်ကျောက်ပြားပေါ်တွင် ကျောက်ထက်အက္ခရာ တင်ထားသော ဓမ္မစေတီများကို တွေ့ရစဉ်

မိုးကုတ်ဆရာတော် ဘုရားကြီး၏ အဆုံးအမများ၊ သစ္စာလေးပါး တရားတော်များကို မပျောက်ပျက်စေရန် စစ်ကိုင်းတောင် မြောက်ဘက်၊ တောင်ဖီလာစေတီအနီး ရှင်သီဝလိ တောရကျောင်းတွင် ကျောက်ထက် အက္ခရာတင် ဓမ္မစေတီ ၁၃၅၀ ကျော် တည်မည်ဖြစ်ကြောင်း သိရသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော သစ္စာလေးပါး မြတ်တရားတော် အပုဒ်ရေ ၁၃၅၀ ကျော်အား ကျောက်ထက် အက္ခရာတင် ဓမ္မစေတီများအဖြစ် ရှင်သီဝလိတောရ ဆရာတော် ဘဒ္ဒန္တသုမန(မဟာထေရ်) ကဦးစီး၍ စေတနာရှင် အလှူရှင်များ၏ ကုသိုလ်ဖြင့် စေတီများ တည်ထားမည်ဖြစ်ကြောင်း သိရသည်။

“မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို တောရဆရာတော်ကြီးက ပြန်လည်ရေးသားမှုနဲ့ ပူဇော်မှုနဲ့ ကျေးဇူးပြုခဲ့ပါတယ်။ ဟောကြားမှုကိုလည်း ယခုပြုလုပ်နေဆဲ ကျင့်ကြံခြင်းဖြင့်လည်း အားထုတ်နေဆဲပါ။ ကိုယ်သိသလို သူများသိပါစေဆိုတဲ့ ဆန္ဒနဲ့ သစ္စာတရားကို နာကြားနိုင်တဲ့သူတိုင်း သိပါစေ။ နောင်လာ နောင်သားတွေ  ဒီတရားတော်ကို အလွယ်တကူ သိနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစေတီတွေကို တည်တာပါ။ မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတွေက မိနစ် ၅၀ ကနေ ၆၃ မိနစ်အထိ ရှိတယ်။ အဲဒီ တရားစာတွေကို ကွန်ပျူတာနဲ့ စာစီပြီး စကျင်ကျောက်ပြားပေါ် စက်နဲ့ရေးတာ။ တရားတစ်ပုဒ်ကို ကျောက်စာလေးချပ် ရှိပါတယ်။ အလှူရှင်ရဲ့ ကမ္ပည်းထိုးပေးတယ်။ အဲဒီအထက် တရားစာကျောက်စာ၊ ကျောက်စာအပေါ်က ရွှေတိဂုံစေတီပုံစေတီ” ဟု ရှင်သီဝလိ တောရကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ကျောက်ထက်အက္ခရာတင် ဓမ္မစေတီများအား ၂၀၁၇ ခုနှစ်မှ စတင်၍ ရှင်သီဝလိတောရ ဆရာတော်ကြီးက စေတီခုနစ်ဆူဖြင့် စတင်တည်ထားရာမှ ယခု ၂၉၀ ဆူ တည်ထားရန် အလှူစာရင်း ရရှိနေပြီး ဓမ္မစေတီ ၅၇ ဆူ တည်ဆောက်ပြီးစီးနေကြောင်း သိရပြီး ဓမ္မစေတီ တစ်ဆူလျှင် မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားတစ်ပုဒ်အား လေးပိုင်းခွဲ၍ ခြောက်ပေ သုံးပေခွဲရှိ စကျင်ကျောက်ပြားပေါ်၌ ကျောက်ထက်အက္ခရာ တင်ထားကြောင်း သိရသည်။

ဓမ္မစေတီ တစ်ဆူလျှင် ကျပ်သိန်း ၇၀ နှုန်းဖြင့် တစ်ဦးချင်းဖြစ်စေ အများပေါင်းစု ကုသိုလ်အဖြစ် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရပြီး ၀၉-၇၈၀၉၁၁၈၇၁ ဒေါ်ဝါယမီ၊ ဦးအောင်မောင်း ၀၉-၇၉၇၉၅၅၂၈၉၊ ဦးမင်းမင်းမြတ် ၀၉-၄၀၂၅၀၇၀၁၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent