မြို့ခံအများအပြား ဝေဖန်နေကြသည့် မန္တလေးဘူတာကြီး ခုံးတံတားဖြတ်သန်းခအား ဇွန် ၁ ရက်မှ စတင်ကောက်ခံမှု ဖျက်သိမ်းမည်

မြို့ခံအများအပြား ဝေဖန်နေကြသည့် မန္တလေးဘူတာကြီး ခုံးတံတားဖြတ်သန်းခအား ဇွန် ၁ ရက်မှ စတင်ကောက်ခံမှု ဖျက်သိမ်းမည်
Published 1 June 2018

ဘူတာကြီးခုံးတံတားအပေါ် ယာဉ်ဖြတ်သန်းခ ကောက်ခံနေသည်ကို မေ ၃၁ ရက်က တွေ့ရစဉ်

မန္တလေးမြို့ခံ အများအပြား ဝေဖန်မှုရှိနေသည့် မန္တလေးဘူတာကြီးခုံးတံတား ဖြတ်သန်းခ ကောက်ခံခြင်းအား ဇွန် ၁ ရက်မှ စတင်ကာ ကောက်ခံမှု ဖျက်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (မန္တလေး) မှ သိရသည်။

လမ်း ၃၀၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ မန္တလေးဘူတာကြီးခုံးတံတားများပေါ် ဖြတ်သန်းသွားလာမှုအတွက် လမ်းဖြတ်သန်းခအဖြစ် မြန်မာ့မီးရထားမှ တင်ဒါစနစ်ဖြင့် ချထား ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ကောက်ခံ ဖြတ်သန်းရမှုနှင့် ပတ်သက်၍ မြို့ခံများအနေဖြင့် ဝေဖန်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ကောက်ခံမှုမပြုဘဲ ဖြတ်သန်းနိုင်ရန် တင်ပြဆောင်ရွက်မှုများခဲ့ရာ ယခုအခါ ဘူတာကြီးခုံးတက်၊ ခုံးဆင်းတံတားများအပေါ် ဖြတ်သန်းသွားလာမှုအား ငွေကြေးကောက်ခံမှုမပြုဘဲ ဖြတ်သန်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကောက်ခံခြင်းကို ပိတ်လိုက်ပြီ။ ဇွန် ၁ ရက်ကနေ စပြီးတော့ ဖြတ်သန်းခွင့်ပေးမယ်။ မန္တလေးမှာ ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်နေတာတွေကို လျော့ကျစေချင်တဲ့သဘောနဲ့ ဖြတ်သန်းသူတွေ အဆင်ပြေစေရေးအလို့ငှာနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းမှုတွေ ပြေလျော့နေတဲ့လုပ်ငန်းစဉ်မှာ မြန်မာ့မီးရထားက ပူးပေါင်းပါဝင်ကူညီတဲ့ သဘောနဲ့ ဘူတာကြီးခုံးကျော်ပေါ်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်းမပြုဘဲ ဖြတ်ခွင့်ပေးမှာပါ။ ကားရော၊ ဆိုင်ကယ်ရော အကုန်လုံးကို ဖြတ်သန်းခွင့်မကောက်ခံဘဲ သွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။ ကားကတော့ ခုံးတံတားရဲ့ ခံနိုင်ဝန်အရ အရင်လိုပဲ နှစ်တန်အထက်ကားတွေကိုတော့ သွားလာခွင့်ပြုမှာ မဟုတ်ပါဘူး။ အရင်ကတည်းက ခုံးတံတားပေါ်ကို နှစ်တန်အောက်ကားပဲ ဖြတ်ခွင့်ပေးခဲ့ပါတယ်။ အခုလည်း ဒီလိုပဲ ဖြတ်သန်းခွင့်ပေးသွားမှာပါ” ဟု မြန်မာ့မီးရထား (မန္တလေး) အထွေထွေ မန်နေဂျာ ဦးမျိုးဝင်းက ပြောကြားသည်။

မန္တလေးဘူတာကြီးမှာ ၇၈ လမ်းနှင့် ၇၉ လမ်းကြားလမ်း ၃၀ တွင် တည်ရှိပြီး ၇၈ လမ်းတစ်လျှောက် ခုံးတံတားအများစုတွင် ဆိုင်ကယ်မဖြတ်ရနှင့် တစ်လမ်းမောင်း ယာဉ်လမ်းစနစ်များ ပြုလုပ်ထားခြင်းနှင့် ဖြတ်သန်းခွင့်ပြုထားသည့် ဘူတာကြီးခုံးတံတားမှာလည်း ယာဉ်ဖြတ်သန်းခ ကောက်ခံခြင်းများကြောင့် အရှေ့အနောက်ကူးကာ သွားလာသူများအနေဖြင့် မလိုအပ်ဘဲ ကွေ့ဝိုက်သွားလာရကာ လွယ်ကူ မြန်ဆန်ခြင်းမရှိဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သောကြောင့် ဘူတာကြီးခုံးတံတားပေါ် ယာဉ်ဖြတ်သန်းခကောက်ခံခြင်းအား ဝေဖန်မှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘူတာကြီးခုံးတံတားအပေါ် ယာဉ်ဖြတ်သန်းခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် အတက် ကျပ် ၅၀၊ အဆင်းကျပ် ၅၀၊ ကားတစ်စီးလျှင် ၁၀၀ ကျပ် သတ်မှတ်ကောက်ခံခြင်းဖြစ်ကာ ယင်းသို့ကောက်ခံခြင်းကို မြန်မာ့မီးရထားမှ ၁၉၉၉-၂၀၀၀ ခုနှစ်မှစကာ တင်ဒါစနစ်နဲ့ ဖြတ်သန်းခ ကောက်ခံခဲ့ခြင်းဖြစ်ရာ ပြီးခဲ့တဲ့နှစ်တွင် ဘူတာကြီးဖြတ်သန်းခတင်ဒါမှ ငွေကျပ်သိန်း ၁၉၈၀ ရရှိခဲ့ကြောင်း သိရသည်။