ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် NCA မထိုးရသေးသည့် ကရင်နီအမျိုးသား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် NCA မထိုးရသေးသည့် ကရင်နီအမျိုးသား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး
Published 30 May 2018

တွေ့ဆုံပွဲအပြီး တပ်မတော်သားကိုယ်စားလှယ်နှင့် KNPP တာဝန်ရှိသူများ နှုတ်ဆက်စကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)

ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) မထိုးရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP ) တို့၏  တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၉ ရက် နံနက်က လွိုင်ကော်မြို့ရှိ ကယားပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်တွင်းဖွံ့ဖြိုးရေးကိစ္စများအား အဓိကထား ဆွေးနွေးခဲ့ကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။

“အသေးစိတ်အချက်တွေကတော့ ကျွန်တော်တို့ မပြောလိုသေးဘူးပေါ့နော်။ အကြမ်းဖျင်းကတော့ ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ အခက်အခဲတော့ မရှိပါဘူး” ဟု ခူးညေးရယ်က ပြောကြားသည်။

ထို့ပြင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် KNPP ဘက်မှ အခက်အခဲများကို တင်ပြကြပြီး အစိုးရတာဝန်ရှိသူများဘက်မှလည်း လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်မှုများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် သဘောတူခဲ့သော အချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးကြပြီး KNPP ၏ ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများ ဆေးဝါးများအဆင်ပြေစွာ သယ်ဆောင်နိုင်ရန်အတွက်လည်း ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည် ။

ယင်းတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပညာရေးနှင့် ကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှုးများနှင့် တပ်မတော်ဘက်မှ ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့ တက်ရောက်ခဲ့ပြီး KNPP ဘက်မှ ဗဟိုကော် မတီဝင်များဖြစ်သည့် အတွင်းရေးမှူး (၂ ) ခူးဒယ်နီယာယ်၊ လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်၊ ခူးတော်ရယ်အက်စ်၊ ဗိုလ်မှုးကြီး ဘုန်းနိုင်နှင့် ခူးဆော်ရယ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု တွေ့ဆုံမှုသည် ပြည်နယ်အစိုးရနှင့် KNPP တို့အကြား နှစ်ဖက်သဘောတူညီထားသည့်အတိုင်း တစ်လတစ်ကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့သည် ပြီးခဲ့သည့် ဧပြီလက ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်  KNPP အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ တရားဝင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပြီးနောက် နှစ်ဖက်အဖွဲ့အစည်းက ပူူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ Local Monitoring နှင့် JMC ၊ နှစ်ဖက် တပ်ဖွဲ့များသွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့် KNPP အကြား နှစ်ဘက်သဘောတူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်ဟူသည့် အချက်အပါအဝင် အချက်သုံးချက် သဘောတူညီကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့သည် ထိုင်းနိုင်ငံ၌ မေ ၁၂ ရက်တွင် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း မတွေ့ဆုံခဲ့ဖြစ်ပေ။

KNPP သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် KNPP  ကြား အောက်ခြေ အဆင့်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးနှင့်  KNPP  အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည့့််ကိစ္စအပေါ် တပ်မတော်ကခုံရုံးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေသည့် ရလဒ်သည် NCA ရေးထိုးရန် အကြောင်းရင်းများအနက် အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း KNPP  က ပြောကြားထားသည်။

NLD ပါတီဦးဆောင်သော အစိုးရသည် KNPP အဖွဲ့နှင့် ချိတ်ဆက်မှုအားနည်း နေသည့်အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားရသော  ဒုက္ခသည်စခန်းတွင် နေထိုင်ရသူများသည်လည်း စားဝတ်နေရေး လူမှုရေးအခက်အခဲများ ပိုမိုကြုံတွေ့နေကြ ရသည်ကိုတွေ့ရကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားသည်။

Most Recent