ပုသိမ်ကြီးမြို့နယ်တွင် စိတ်ကြွဆေးပြား ၂၀၀၀၀ သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိ

ပုသိမ်ကြီးမြို့နယ်တွင် စိတ်ကြွဆေးပြား ၂၀၀၀၀ သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိ
Published 30 May 2018

စိတ်ကြွဆေးပြား ၂၀၀၀၀ သယ်ဆောင်လာသူနှစ်ဦးအား တွေ့ရစဉ်

ပုသိမ်ကြီးမြို့နယ် စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားအား လူနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး နယ်မြေရဲစခန်း (အုန်းချော) မှ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

မူးယစ်တပ်ဖွဲ့စု (၁၈) မှ တာဝန်ရှိသူများသည် မေ ၂၈ ရက် နံနက် ၁၁နာရီက ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ဇီးအုပ်ကွက်သစ် (ကျူး) ၄၈ လမ်းမပေါ်ရှိ ကဖီးဆိုင်တွင် စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသူ မျိုးမြင့်ဇော် (ခ) ကိုမိုး (၂၃ နှစ်) ယာဉ်မောင်းနှင့် မစံပယ်လှိုင် (၃၉ နှစ်) တို့နှစ်ဦး သည် ၅၄ယ/---- YUNDE ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးခဲ့ရာ ဆိုင်ကယ်နောက်ကြည့်မှန်နှစ်ခုတွင် ချိတ်ထားသည့် မီးခိုးရောင်ကျောပိုးအိတ်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်အတွင်း ထည့်ထားသော ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ၂၀၀၀ ပြားအား အကြည်ရောင်တိပ်ပတ်လျက် မှိုင်းခံစက္ကူဖြင့် ထုပ်ထားသည့် အထုပ်ကြီး ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂၀၀၀၀ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ၁၁ နာရီကလည်း ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကံကြီးကုန်းရပ်ကွက်အနီး ၄၉ လမ်း အနောက်ဘက်ခြမ်းရှိ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်ရာတွင် အသုံးပြုသည့် ကျူးကျော်တဲအား ဝင်ရောက်ရှာဖွေခဲ့ရာ တဲအတွင်း ဖြိုးသူထွန်း (ခ) ကွမ်းသီး (၃၅ နှစ်)၊ ဆေးသုတ်လုပ်သူ၊ ထန်ဟောက်လျှန်ခုပ် (၄၀ နှစ်) နှင့် ဇော်ဇော် (၄၀ နှစ်) ပန်းရံလုပ်သူတို့သုံးဦးအား ပင်နယ်စလင်ပုလင်းအတွင်း ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့်အလေးချိန် ၀ ဒသမ ၀၁ ဂရမ်၊ ၈၈/ ၁ စာတန်းပါပန်း စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။