မုတ်သုံဝင်လာပါက ဒုက္ခသည်စခန်းများတွင် ဖြစ်ပေါ်လာမည့် ပြဿနာများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တာဝန်သာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

မုတ်သုံဝင်လာပါက ဒုက္ခသည်စခန်းများတွင် ဖြစ်ပေါ်လာမည့် ပြဿနာများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တာဝန်သာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 29 May 2018

မုတ်သုံဝင်ရောက်လာပါက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်စခန်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ရေကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါကဲ့သို့သော ရောဂါများကြောင့် အင်အားနည်းသော အသက်အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များနှင့် မိန်းကလေးများမှာ သေကျေပျက်စီးနိုင်ကာ ထိုသို့ဖြစ်လာပါက ပြန်လည်လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်အား အချိန်နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တာဝန်သာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတိပေးပြောကြားသည်။

အာဆာအကြမ်းဖက်သမားမျာ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများ ပြန်လည်လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် သံတမန်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍ အရာရာကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဆောင်ရွက်နေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ ထိုသို့ မဟုတ်ဘဲ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ ပြန်လည်လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်အား အချိန်ကြန့်ကြာမှုရှိအောင် အချိန်ဆွဲနေသည့်ပုံစံမျိုး ပုံဖော်နေသည်ဟု ဦးဇော်ဌေးက ပြောကြားည်။

“မုတ်သုံဝင်လာရင် ဒုက္ခတွေများကုန်မယ်။ ဒုက္ခများတဲ့အခါကျရင် အဲဒီမှာ သေကြ၊ ကျေကြတွေ ဖြစ်လာလိမ့်မယ်။ ဖြစ်လာရင်တကယ့်ကို ကျွန်တော်တို့နိုင်ငံကို အဆိုးမြင်ပြီးတော့ ဝိုင်းပြီးတော့အပြစ်ဖို့ဖို့ ပြင်ထားတဲ့ သဘောရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံက ပြောနေတာက မိုးရွာတော့မယ်။ ဒီဒုက္ခတွေ ရောက်တော့မယ်။ ပြန်လည်လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်ကို မြန်မြန်စတင်ပါ။ အဲဒါမှ ဒီလူတွေအတွက် အဆင်ပြေမယ်ဆိုပြီး ကျွန်တော်တို့က ပြောတယ်။ အဲဒီတော့ မိုးရွာလို့ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် ကျွန်တော်တို့ အကြိမ်ကြိမ်အဖန်ဖန် ပြောထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တာဝန်ပဲဖြစ်ပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးသွားသူများ ပြန်လည်လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားတွင် ၁၉၉၃ ခုနှစ် ပြန်လည်လက်ခံရေး သဘောတူ ညီချက်များ အဓိကပါဝင်သည့် သဘောတူညီချက်စာချုပ် ချုပ်ဆိုထားပြီး အဆိုပါသဘော တူညီချက်တွင် နှစ်လအကြာ၌ ပြန်လည်လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်ကို စတင်ရမည်ဟူသော စာသားပါဝင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ပထမအသုတ်အဖြစ် လက်ခံရန် ဟိန္ဒူလူမျိုး၊ မွတ်စလင်လူမျိုး စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော်ပါဝင်သော စာ ရင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွင် နေရပ်စွန့်ခွာထွက်ပြေးသွားသူများ ဖြည့်စွက်ရမည့်ပုံစံပါရှိပြီး အဆိုပါပုံစံများကို Soft Copy ၊ Hard Copy များ ပေးထားသော်လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားသည့်အချိန်တွင် ဒုက္ခသည်များကို မေးမြန်းသည့်အခါ ဒုက္ခသည်များအနေဖြင့် အဆိုပါပုံစံများ ဖြည့်ရမည်ဆိုသည်ကို မသိရှိကြောင်းနှင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့များသည် အဆိုပါပုံစံများ ဖြည့်ရမည်ကို ဒုက္ခသည်များအား အသိပေး ပြောထားခြင်းမရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ပြန်လည်လွှဲပြောင်း လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံသဘောတူညီချက်အတိုင်း အမြန်ဆုံးစတင်နိုင်ပြီး မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့ဖူးသူများကို ပြန်လည်လက်ခံလိုက်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ထုပ်ဝန်ပိုးများ ကျသွားမည်ဖြစ်ကာ ထိုသို့ ပြန်လည်လက်ခံပြီးသူများကို ၎င်းတို့၏ မူလနေရာ သို့မဟုတ် မူလနေရာနှင့်အနီးဆုံးနေရာတွင် နေရာချထားပေးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မူလအလုပ်အကိုင်များ ပြန်လည်လုပ်ကိုင်စားသောက်နိုင်သည့်အခါ ကူညီထောက်ပံ့ရမည့်အနေအထားမှ လွတ်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာက လုပ်ကိုင်ဆောင်ရွက်နေသည့် စံနှုန်းသည်လည်း ထိုအတိုင်းပင်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“သူတို့မူလနေရာတွေမှာ ပြန်ရောက်ပြီး မူလအလုပ်အကိုင်တွေလုပ်ပြီး သို့မဟုတ် တခြားအလုပ်အကိုင်တွေလုပ်ပြီး ဝင်ငွေအခွင့်အလမ်းတွေ ရလာပြီဆိုရင် နိုင်ငံတကာ ကူညီမှုတွေ မလိုတော့ဘူး။ ရေရှည်မှာ အဲဒီအတိုင်းပဲ ဖြေရှင်းမှရမယ်။ အဲဒီတော့ ရေတိုဖြေရှင်းချက်ရော၊ ရေရှည်ဖြေရှင်းချက်ရောက ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မြန်အကောင်အထည် ဖော်နိုင်ဖို့ပဲလိုတာ” ဟု ဦးဇော်ဌေးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို မေ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခင်ပေးပို့ထားသည့် စိစစ်အတည်ပြုပြီး မွတ်စလင် ၇၇၈ ဦးနှင့် ဟိန္ဒူ ၄၄၄ ဦးအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ခံရရှိခဲ့သည့် ၈,၀၃၂ ဦးအနက် (၂၀၁၈ ခုနှစ် မေ ၂ ရက်နေ့အထိ) စိစစ်ပြီး ၁,၁၀၁ ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်စတင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိုက်တွန်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။