ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများအရ နယ်စပ်မျဉ်းအနီးရှိ မလုပ်သင့်သည်တို့ကို အမြန်ဆုံးဖယ်ရှားရန် မြန်မာက ဘင်္ဂလားဒေ့ရှ်အား တောင်းဆို

ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများအရ နယ်စပ်မျဉ်းအနီးရှိ မလုပ်သင့်သည်တို့ကို အမြန်ဆုံးဖယ်ရှားရန် မြန်မာက ဘင်္ဂလားဒေ့ရှ်အား တောင်းဆို
Published 25 May 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်အနီးတွင် လုံခြုံရေးဆိုလာမီးတိုင်များ စိုက်ထူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများအရ မလုပ်သင့်သည်တို့ကို အမြန်ဆုံးဖယ်ရှားရန် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်အား တောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးများအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီအထိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းမှူးက နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် မြန်မာနိုင်ငံဘက်မှ အသံချဲ့စက်များဖြင့် ပြောဆိုနေသဖြင့် ၎င်းအသံချဲ့စက်သံကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်တွင် နေထိုင်သည့် နိုင်ငံသားများ စိုးရိမ်ပူပန်နေပြီး စာသင်ကျောင်းများ၊ သင်တန်းကျောင်းများရှိသဖြင့် အသံလျှော့ချပေးရန်၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် မြန်မာ့တပ်မတော်အနေဖြင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုများရှိပါက မိမိတို့ထံ အသိပေးအကြောင်းကြားစေလိုကြောင်း၊ ဒေသကွပ်ကဲရေးမှူးအဆင့် တွေ့ဆုံပွဲအစည်းအဝေးပြုလုပ်နိုင်ရန် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအား သုံးကြိမ်အကြောင်းကြားထားသော်လည်း မိမိတို့ထံ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်နိုင်သော်လည်း မိမိတို့ထံ အသိပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးက နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် CCTV ကင်မရာလေးလုံး တပ်ဆင်ခြင်းနှင့် လုံခြုံရေးဆိုလာမီးတိုင် ၁၀ တိုင် တပ်ဆင်ထားခြင်းများသည် တစ်ဖက်နိုင်ငံ နယ်မြေအခြေအနေများနှင့် လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းရယူခြင်းဖြစ်၍ ကုလသမဂ္ဂစည်းမျဉ်းအရ မလုပ်သင့်သည်ကို လုပ်သည့်သဘောဖြစ်၍ အမြန်ဖယ်ရှားပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့်နေရာတွင် လူဦးရေတိုးပွားလာမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လျစ်လျူရှုပြီး ထောက်ခံအားပေးသည့် သဘောဆောင်နေကြောင်း၊ အိမ်ထောင်စုများကို တိုးချဲ့လာမှု၊ ရွှေ့ပြောင်းလာမှုများကို ထိန်းသိမ်းရန်အတွက် အသံချဲ့စက်ဖြင့် သတိပေးတားမြစ်မှုများ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်ပါက မိမိတို့အနေဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန်မလိုကြောင်း၊ ငါးဖမ်းစက်လှေနှင့်အတူ တွေ့ရှိထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အာမောက်ဖော်လောင်ပါ ငါးဦးတို့အား လွှဲပြောင်းပေးအပ်ရန်အတွက် အကြောင်းကြားထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားလာခြင်းမရှိကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့်ဇုန်အတွင်း၌ တဲအသစ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်းများအား ရပ်ဆိုင်းပေးစေလိုပြီး ရိက္ခာလာရောက်ပေးပို့နေမှုများနှင့် လုံခြုံရေးလိုက်ပါ ကူညီပေးနေမှုများကို ကန့်ကွက်ကြောင်း ပြန်လည်ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ အရာရှိ ၁၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အရာရှိ ၁၀ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မေ ၂၃ ရက်ကလည်း မြန်မာနိုင်ငံဘက်ခြမ်း တောင်ပြိုလက်ဝဲတွင် မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။