မကွေးမြို့နယ်အတွင်း မြေပဲဖော်ရာသီတွင် လုပ်သားမလုံလောက်မှုကြောင့် အခြားမြို့နယ်များမှ လုပ်သားများ ခေါ်ယူနေရကာ အလုပ်သမားစရိတ် ကုန်ကျမှုများ၍ တောင်သူများအရှုံးပေါ်

မကွေးမြို့နယ်အတွင်း မြေပဲဖော်ရာသီတွင် လုပ်သားမလုံလောက်မှုကြောင့် အခြားမြို့နယ်များမှ လုပ်သားများ ခေါ်ယူနေရကာ အလုပ်သမားစရိတ် ကုန်ကျမှုများ၍ တောင်သူများအရှုံးပေါ်
Published 21 August 2017

မကွေးမြို့နယ် မကြီးကန်ကျေးရွာမှ မြေပဲနုတ်သိမ်းနေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

မကွေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် မြေပဲများ စတင်နုတ်သိမ်းလျက်ရှိရာ လုပ်သားမလုံလောက်မှုကြောင့် အခြားမြို့ နယ်များမှပါ လုပ်သားများ ခေါ်ယူနေရကာ အလုပ်သမားစရိတ် ကုန်ကျမှုများ၍ တောင်သူများ အရှုံးပေါ်ကြောင်း မြေပဲစိုက် တောင်သူများထံမှ သိရသည်။

မကွေးမြို့နယ်အတွင်း ဧပြီလက ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးဖြင့် စိုက်ပျိုးခဲ့သည့် ပင်ထောင်မြေပဲများကို သြဂုတ်လဆန်းမှစ၍ နုတ်သိမ်းလျက်ရှိရာ ဒေသတွင်းရှိ လုပ်သားအင်အားဖြင့် မလုံလောက်သောကြောင့် စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်၊ ရေနံချောင်းမြို့နယ်များမှ လုပ်သားများကို ခေါ်ယူလုပ်ကိုင် နေရကြောင်း တောင်သူများက ပြောကြားသည်။

တစ်ဧက အကျယ်ခန့်ရှိ မြေပဲခင်း တစ်ခင်းအတွက် မြေပဲနုတ်ခ ကျပ်ခုနစ်သောင်းပေးရပြီး မြေပဲဆွတ်ခကို မြေပဲတောင့်တစ်တင်းအတွက် ကျပ် ၁၅၀၀ ပေးရကြောင်း၊ အခြားမြို့နယ်များမှ ခေါ်ယူထားသည့် လုပ်သားများကို တာဝန်ခံပေးသည့် အလုပ်သမားခေါင်းအတွက် မြေပဲတစ်ခင်းလျှင် ကျပ်တစ်သောင်းပေးရကာ လက်ရှိမြေပဲဖော်ရာသီတွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ်ရှစ်ထောင် ဈေးသာရောင်းရသောကြောင့် တောင်သူများ တွက်ခြေမကိုက်ကြောင်း သိရသည်။

“လုပ်သားရှားလွန်းတော့ ပေါင်းနုတ်ချိန်နဲ့ ဒီလိုသီးနှံသိမ်းချိန်တိုင်း အခြားမြို့နယ်တွေက လုပ်သားတွေကို ငှားသုံးရတယ်။ မြေပဲအဆန်တစ်တင်း စိုက်ပျိုးစရိတ်က ကျပ်တစ်သိန်းခွဲအထက်မှာရှိတယ်။ အခု မြေပဲနုတ်ခ၊ ဆွတ်ခ၊ အလုပ်သမားခေါင်းအတွက် ပေးရတာတွေတင် မြေပဲတစ်တင်းအတွက် ကျပ်နှစ်ထောင်ကျော် ကုန်ကျတော့ တောင်သူတွေက အရှုံးချည်းပါပဲ။ ကျွန်တော်တို့က ဘိုးဘွားပိုင်ယာတွေနဲ့ အခြားလုပ်စရာ မရှိလို့သာ တောင်သူလုပ်ငန်းတွေ လုပ်နေရတာ နှစ်စဉ်လိုလို အရှုံးပေါ်ပါတယ်” ဟု မကွေးမြို့နယ် မကြီးကန်ကျေးရွာမှ ဦးသောင်းဆင့်က ပြောကြားသည်။

စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာမှ မကွေးမြို့နယ်သို့ မြေပဲဆွတ်လုပ်ငန်း လာရောက်လုပ်ကိုင်သူ တစ်ဦးက “ကျွန်တော်တို့ ရွာတွေမှာက အခုအချိန်ဆို မြစ်ရေဝင်နေတော့ ဘာမှလုပ်စရာ မရှိပါဘူး။ အဲဒါကြောင့် ဒီဘက် ကျေးရွာတွေမှ လာရောက် လုပ်ကိုင်ကြရတာပါ” ဟုပြောကြားသည်။

မကွေးမြို့နယ်အတွင်း မကွေးမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင်သာ မြေပဲနှင့်နှမ်းများထွက်နှုန်း ပုံမှန်ရှိသော်လည်း အခြားကျေး ရွာအများစုတွင် ထွက်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။ မကွေးမြို့ပေါ်ပွဲရုံများသို့ မြေပဲအ တောင့်ရောင်းသည့်အခါ မြေပဲတစ်တင်းအတွက် ပွဲစားခ ကျပ် ၅၀၀၊ ကတ္တားခနှင့် အလုပ်သမားခ ကျပ် ၆၀၀ ပေးရလေ့ရှိကြောင်း၊ ထို့ကြောင့် တောင်သူများအနေဖြင့် မြေပဲအတောင့် တစ်တင်းရောင်း၍ ကျပ် ၈၀၀၀ ဈေးရ သည့်တိုင် မြေပဲဆွတ်ခ၊ ပွဲစားခ၊ သယ်ယူစရိတ်၊ ကတ္တားခနှင့် ပွဲရုံအလုပ်သမားခများ နုတ်ပါက မူလရောင်းဈေး၏ တစ်ဝက်ခန့်သာ ခံစားခွင့်ရကြောင်း သိရသည်။

Most Read

Most Recent