ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက် လျှော့ချနိုင်ရေးအတွက် လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်များအတွင်း ဆောင်ရွက်မည်

ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက် လျှော့ချနိုင်ရေးအတွက် လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်များအတွင်း ဆောင်ရွက်မည်
Published 21 August 2017

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်း ဘိန်းခင်းများကို တာဝန်ရှိသူများ ဖျက်ဆီးနေသည့်မြင်ကွင်း

ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက် လျှော့ချနိုင်ရေး နိုင်ငံတော်၏ အမျိုးသားဖွံ့ဖြိုးရေး အစီအစဉ်အောက်တွင် ထည့်သွင်းပြီး လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်နယ်များအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၏ “မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ပေးရန် အစီအစဉ်ရှိ မရှိ” မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးတို့ ပူးပေါင်း၍ နှစ်စဉ် ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၀၁ ခုနှစ်တွင် ဘိန်းစိုက်ဧရိယာမှာ ဟက်တာ ၁၀၅၀၀၀ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက် ဧရိယာ ဟက်တာ ၅၅၅၀၀ သို့ ကျဆင်းခဲ့ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

“ထိုနှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု မြင့်တက်လာမှု မရှိစေရေး အတွက်ကိုလည်း ထိန်းချုပ်ထားနိုင်သော်လည်းပဲ ရေရှည်ဆက်လက် လျှော့ချနိုင်ရေးမှာ နိုင်ငံတော်ရဲ့ အမျိုးသားဖွံ့ဖြိုးရေး အစီအစဉ်အောက်မှာ ထည့်သွင်းပြီး လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်နယ်များအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိရေးဆွဲလျက်ရှိသည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တွင် ဘိန်းစိုက်ပျိုးသည့် ဒေသများအတွက်  လိုအပ်သော လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် နယ်ပယ်များကို သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘိန်းစိုက်တောင်သူများ၏ လူမှုဘ၀ မြင့်မားလာစေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းမှရသည့် ဝင်ငွေကို မှီခိုရသည့်ဘဝမှ လွတ်မြောက်ပြီး အခြားဝင်ငွေရ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါး သားကောင်ဘဝမှ လွတ်မြောက်ရေးတို့ကို မဟာဗျူဟာများ၊ မူဝါဒများချမှတ်၍ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီ သုံးပိုင်းခွဲ၍ ဆောင်ရွက် ခဲ့ကြောင်း၊ ၎င်းစီမံကိန်းများကို ဘိန်းအဓိက စိုက်ပျိုးသော ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် လေးမြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း၊ စိတ်ကြွဆေးပြားသုံးစွဲမှု ပြဿနာများမှာ လူငယ်ထုအတွင်း ပိုမိုပျံ့နှံ့လာခြင်းနှင့် အခြားစိတ်ကြွဆေးဝါးများ ပေါ်ထွက်လာမှု အခြေအနေများကို ထိန်းချုပ်နိုင်ရန် စီမံကိန်းကာလအား ၂၀၁၄- ၂၀၁၅ ဘဏ္ဍနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်အထိ ငါးနှစ်သက်တမ်း ထပ်မံတိုးမြှင့်ကာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။