တစ်လအတွင်း လေဆိပ်၊ ဆိပ်ကမ်းများအပါအဝင် အကောက်ခွန်နယ်မြေများမှ ခန့်မှန်းတန်ဖိုး ကျပ်နှစ်ဘီလျံနီးပါးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ

တစ်လအတွင်း လေဆိပ်၊ ဆိပ်ကမ်းများအပါအဝင် အကောက်ခွန်နယ်မြေများမှ ခန့်မှန်းတန်ဖိုး ကျပ်နှစ်ဘီလျံနီးပါးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ
Published 21 May 2018

တစ်လအတွင်း လေဆိပ်၊ ဆိပ်ကမ်းများအပါအဝင် အကောက်ခွန်နယ်မြေများမှ ခန့်မှန်းတန်ဖိုး ကျပ်နှစ်ဘီလျံနီးပါးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အကောက်ခွန်ဦးစီးဌာနသည် လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီးတို့တွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း၊ တင်ပို့သောကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများပြုလုပ်ခဲ့ရာ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း အကောက်ခွန်မဲ့ပစ္စည်းတားဆီး/ဖမ်းဆီးရမိမှု ၃၂၀ ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၉၂၇ ဒသမ ၀၈၄ သန်းရှိကြောင်း သိရသည်။

အကောက်ခွန်မဲ့ပစ္စည်းများ တားဆီး/ဖမ်းဆီးမှုအနေဖြင့် လေဆိပ်တွင် ခြောက်မှု၊ ဆိပ်ကမ်းများတွင် ရှစ်မှု၊ အကောက်ခွန်နယ်မြေများတွင် ၃၀၆ မှုရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်နယ်မြေများမှ တားဆီး/ဖမ်းဆီးရမိမှု ၃၀၆ မှုမှ ခန့်မှန်းတန်ဖိုး ကျပ် ၁၇၁၂ ဒသမ ၆၃၇ သန်းရှိသည့်အနက် ဧပြီ ၂၄ ရက်က မန္တလေးနှင့် မူဆယ်မြို့များသို့ သွားရောက်မည့် ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် မူဆယ်သို့သွားမည့် ၁၂ ဘီးယာဉ်တစ်စီး၊ ခရီးသည်တင်ယာဉ် တစ်စီး၊ အခြားယာဉ်သုံးစီးတို့အား စစ်ဆေးရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသောပစ္စည်းများ ပါဝင်သည့် အိတ် ၂၈၀၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံး ၁၄၇၈ ကီလိုဂရမ်၊ ပိတောက်ဓားရွှေတုံး နှစ်တန်ကျော်နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၆၉ ဒသမ ၆၃၅ သန်းခန့်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ စုစုပေါင်း ၁၆ မှု ခန့်မှန်းတန်ဖိုး ကျပ် ၉၃ သန်းကျော်ကိုလည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ တရားမဝင်ကုန်စည်များ သယ်ဆောင်ရောင်းဝယ်မှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ နှစ်ပေါင်းများစွာ ကြီးမားသောပမာဏဖြင့် နစ်နာဆုံးရှုံးလျက်ရှိကြောင်း၊ တရားမဝင်ကုန်စည်များတွင် ပြည်သူများ စားသုံးရန်မသင့်သော၊ ကျန်းမာရေးကို ထိခိုက်စေသောကုန်စည်များ၊ အရည်အသွေးညံ့ဖျင်းသော ကုန်စည်များပါရှိနေကြောင်း၊ တရားမဝင်ကုန်စည်များ ဝင်/ထွက်မှုကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ တရားမဝင်ကုန်စည်များနှင့်အတူ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများစသည့် တစ်မျိုးသားလုံး လုံခြုံရေးနှင့် စာရိတ္တကို ထိခိုက်စေမည့်ပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း၊ တရားမဝင်ကုန်စည်များ တားဆီးရေးသည် နိုင်ငံတော်အနေဖြင့် မဖြစ်မနေလုပ်ဆောင်သင့်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။