လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်လေးချက် ကျန်ရှိနေဟု ဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်လေးချက် ကျန်ရှိနေဟု ဆို
Published 20 May 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်လေးချက် ကျန်ရှိနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ပြောကြားသည်။

မေ ၁၉ ရက်က မုံရွာမြို့ ဝင်းယူနတီဟိုတယ်တွင် ပြုလုပ်သည့် ဒီဗွီဘီဒီဘိတ် အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ပြီး လက်ရှိအခြေအနေသည် ယခင်က အားနည်းခဲ့သည့် အချက်များကို ပြုပြင်နေသည့် အချက်ပေါင်း ၃၈ ချက် ပြီးစီးသွားပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ယခင်က စီမံကိန်းရဲ့ အားနည်းချက်တွေ ရှိခဲ့တာပေါ့နော်။ အားနည်းချက်တွေ ရှိခဲ့တာတွေကို ၂၀၁၂ ခုနှစ်မှာပဲ နိုင်ငံတော်အဆင့် ကျွန်တော်တို့ ဒီဟာကို အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်။ ဖွဲ့ပြီးတော့မှ အားနည်းချက်တွေ ရှိတဲ့ဟာတွေကို ကျွန်တော်တို့ အကြံပြုချက် ၄၂ ချက် ထွက်ခဲ့တယ်။ အဲဒီ ၄၂ ချက်မှာ ကျွန်တော်တို့ ၃၈ ချက်က အကြံပြုချက်တွေအပေါ်မှာ အကောင်အထည်ဖော်နေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ ဒီ အကောင်အထည်ဖော်တယ် ဆိုတဲ့ဟာတွေကို ကျွန်တော်တို့က သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ လူတွေကနေပြီးတော့မှ စိစစ်တာ ဖြစ်ပါတယ်။ အဲဒီတော့ တကယ်ကျန်တဲ့ဟာက အချက်လေးချက် ကျန်နေသေးတာပေါ့နော်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ဆက်လက် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်လေးချက်သည် မြေယာလျော်ကြေးကိစ္စ၊ နေရာပြောင်းရွှေ့ခြင်းကိစ္စ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း အပါအဝင် မိုင်းပိတ်သိမ်းရေး စီမံကိန်းလုပ်ငန်းများ လုပ်နေရခြင်းရှိကြောင်း၊ ယင်းအချက်များသည် ၎င်းအမြင်အရ ချက်ချင်းပြီးစီးသွားမည့် လုပ်ငန်းများ မဟုတ်ကြောင်း၊ ရေရှည်သွားရမည့် လုပ်ငန်းများသာ ဖြစ်ကြောင်း ဦးခင်လတ်ကြီးက ဆိုသည်။

ဝမ်ပေါင်နှင့် ပတ်သက်၍ လက်ရှိတွင် CSR လုပ်ငန်းသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာတစ်သန်းပေးသည့်ကိစ္စ လက်ရှိ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဒေသခံများအား အမေရိကန်ဒေါ်လာ နှစ်သန်းပေးမည့် အကြောင်းအရာသည် ကြေးနီထုတ်လုပ်မှု ရရှိသည့် နှစ်ရာခိုင်နှုန်းအား သက်ဆိုင်ရာလုပ်ငန်း ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့က ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။