ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် ပြုလုပ်ရန် Royal Haskoning DHV အား အကြံပေးအဖြစ် ရွေးချယ်ထားပြီး အပြီးသတ် အစီရင်ခံစာကို အောက်တိုဘာတွင် တင်သွင်းမည်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် ပြုလုပ်ရန် Royal Haskoning DHV အား အကြံပေးအဖြစ် ရွေးချယ်ထားပြီး အပြီးသတ် အစီရင်ခံစာကို အောက်တိုဘာတွင် တင်သွင်းမည်
Published 20 May 2018

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် ပြုလုပ်ရန် Royal Haskoning DHV အား အကြံပေးအဖြစ် ရွေးချယ်ထားပြီး အပြီးသတ် အစီရင်ခံစာကို အောက်တိုဘာတွင် တင်သွင်းမည် ဖြစ်ကြောင်း NYDC ၏ CEO ဦးသိမ်းေ၀ (ခ) ဆာ့ချ်ပန်းက ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် (Flood Risk Assessment) ပြုလုပ်ရန် တင်ဒါခေါ်ယူမှုများကို ဧပြီလအတွင်း ပြီးစီးခဲ့ပြီး နိုင်ငံတကာမှ ကုမ္ပဏီသုံးခု အဆိုပြုလွှာ တင်သွင်းခဲ့သည်။ ထိုသုံးခုအနက် Royal Haskoning DHV အား ရန်ကုန်မြို့သစ်စီမံကိန်း၏ ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ရေး အကြံပေးအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“နယ်သာလန်နိုင်ငံ အခြေစိုက်ဖြစ်တဲ့ Royal Haskoning DHV ဟာ ရေလွှမ်းမိုးမှု ဘေးအန္တရာယ် စီမံအုပ်ချုပ်မှုအပိုင်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာရှိတဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အရေးကြီးတဲ့ ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် (Flood Risk Assessment) ကို အကောင်းဆုံး ပြုလုပ်နိုင်ဖို့ အသင့်လျော်ဆုံး ဖြစ်ပါတယ်။ မြေပြင်လေ့လာရေးနဲ့ အချက်အလက် စုဆောင်းရေးတွေကို Royal Haskoning DHV က ဧပြီလကုန်ကစပြီး စတင်လုပ်ဆောင်နေပြီး၂၀၁၈ အောက်တိုဘာမှာ အပြီးသတ် အစီရင်ခံစာကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာက ရရှိလာမယ့် ရလဒ်အဖြေတွေ နဲ့ ထောက်ခံချက်တွေကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ မြို့ပြစီမံကိန်းရေးဆွဲမှု၊ အဆောက်အအုံ ဒီဇိုင်းရေးဆွဲမှုတွေနဲ့ မူဝါဒလမ်းညွှန်တွေမှာ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းရေးဆွဲရာမှာ Flood Risk Assessment အစီရင်ခံစာထဲမှာ ပါဝင်မယ့် ရေနုတ်မြောင်းစနစ်ကို ထည့်သွင်းပြီး သင့်လျော်မယ့် နေရာတွေမှာ အများပြည်သူ အပန်းဖြေနိုင်မယ့် ပန်းခြံတွေ၊ ရေကန်တွေနဲ့ ကမ်းနားကန်ပေါင်နေရာတွေအဖြစ် ပြောင်းလဲထားရှိသွားမှာ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ဆိုသည်။

Royal Haskoning DHV အနေဖြင့် မိုးရေချိန်နှင့် မြေမျက်နှာသွင်ပြင်၊ မြစ်ရေစီးဆင်းမှု ပမာဏ၊ ဒီရေ အတက်အကျဇယား၊ သဘာဝဘေးကျရောက်မှု သမိုင်းမှတ်တမ်းများ စသည့်အချက်များနှင့် ပတ်သက်၍ အချက်အလက် စုဆောင်းမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ရေလွှမ်းမိုးမှု အန္တရာယ်ဆိုင်ရာ အကဲဖြတ်မှု အစီရင်ခံစာကို အောက်တိုဘာတွင် အပြီးသတ်တင်သွင်းနိုင်ရန် စတင်လုပ်ကိုင်နေကြောင်း သိရသည်။

“မြို့ပြစီမံကိန်းကို ရေးဆွဲတဲ့သူဖြစ်ဖြစ်၊ ဗိသုကာပညာရှင်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ အိမ်ရာစီမံကိန်း ဖော်ဆောင်သူတွေ ဘယ်သူမဆို နေရာတစ်ခု၊ မြို့သစ်တစ်ခုကို ဒီဇိုင်းဆွဲပြီး တည်ဆောက်တော့မယ်ဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ ရေလွှမ်းမိုးနိုင်မှု သဘာ၀ ဘေးအန္တရာယ်ကို နားလည်ထားဖို့ အင်မတန် အရေးကြီးပါတယ်။ တည်ဆောက်မယ့်နေရာရဲ့ မြေပြင်အနေအထားနဲ့ ရေကြီးရေလျှံမှု ဖြစ်လာခဲ့ရင် ရရှိလာမယ့် အကျိုးသက်ရောက်မှုတွေကို သိရှိ နားလည်ထားမှလည်း ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေကို လျော့နည်းအောင်၊ ကာကွယ်နိုင်အောင် ဘယ်လိုစီမံနိုင်မလဲ ဆိုတာ သုံးသပ်အဖြေရှာလို့ ရမှာပါ။ ဒါတွေကို ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် (Flood Risk Assessment) က ဖော်ပြပေးမှာ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ဆက်လက် ပြောကြားသည်။