မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဘုရားဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်များမှ အချို့မုဒြာဟန်များမှာ အနက်အဓိပ္ပာယ် လွဲမှားနေ၍ ပြန်လည်ပြုပြင်ရန် မြို့နယ်သံဃနာယက ညွှန်ကြား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဘုရားဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်များမှ အချို့မုဒြာဟန်များမှာ အနက်အဓိပ္ပာယ် လွဲမှားနေ၍ ပြန်လည်ပြုပြင်ရန် မြို့နယ်သံဃနာယက ညွှန်ကြား
Published 19 May 2018

ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဘုရားဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်များအား တွေ့ရစဉ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၆၂ လမ်းထောင့်ရှိ  ဝေပုလ္လာရာမ မက္ခရာကျောင်းတိုက် ပြည်တော်အေး ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်တုတော်ကြီး ဘုရားဝင်းအတွင်း တည်ထားကိုးကွယ်သည့် မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် အချို့ မုဒြာဟန် အမူအရာများမှာ အနက်အဓိပ္ပာယ် သဘောတရားများ လွဲမှားနေ၍ ပြန်လည်ပြုပြင်ရန် မြို့နယ်သံဃနာယကက ညွှန်ကြားထားကြောင်း သိရသည်။

“တကယ်လို့ ဒီဘုရားဝင်းအတွင်းမှာ တည်ထားတဲ့ မုဒြာတွေမှားနေတယ်ဆိုလည်း ဒါက ဘုရားကြည်ညိုတဲ့စိတ်နဲ့ စေတနာအမှားပဲဖြစ်မှာပါ။ ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့ သဘောလည်း မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကြည်ညိုလို့ ကိုယ်ကြည်ညိုသလို ထားတဲ့ လက်တော်တွေလည်း ပါတယ်။ ဒါပေမဲ့ သာသနာရေးဦးစီးဌာနက ထုတ်ထားတဲ့ မုဒြာစာအုပ်လည်း ပါတယ်။ အရင်တစ်ခါပြုပြင်ခဲ့ပြီး အခုတစ်ခါ ဘာလို့ထပ်ဖြစ်လဲ။ အဘလည်း စဉ်းစားမရဘူး။ သံဃနာယကကတော့ အဘတို့ဆီကို စာပို့မယ်။ စာပို့ပြီးတော့ ဘယ်ဘုရား၊ ဘယ်ဘုရားပြင်ပါဆိုပြီး လာမယ်လို့ပြောသွားတယ်။ မနေ့က လာစစ်သွားတယ်။ အဲဒီ စာရလာမှ ဘယ်ဘုရားတွေ ပြန်ပြုပြင်ရမယ် ဆိုတာ သိရမှာ။ ဓလေ့ထုံးစံတွေအရတော့ လုပ်ရမှာပေါ့။ ဒီဘုရားတွေက အနေကဇာ တင်ပြီးသားဆိုတော့ ပြင်ကောင်းလား၊ မပြင်ကောင်းလား မေးရမှာပေါ့။ ပြင်ကောင်းတယ် ဆိုလည်း ပြင်ရမှာပေါ့။ အဘတို့အနေနဲ့ကတော့ မပြင်ရဲပါဘူး။ ဒါပေမဲ့ အစိုးရအမိန့်နဲ့ ဆိုရင်တော့ လုပ်ကြရတာပဲ။ ပြင်ဆိုရင်တော့ ပြင်ရမယ့်သဘော ရှိပါတယ်” ဟု ဘုရားဒါယကာ ဦးလှဝင်းက ပြောကြားသည်။

၎င်းဘုရားကို ဘုရားဒါယကာ ဦးလှဝင်း က ကျပ်သိန်း ၁၀၀၀၀ ခန့်ဖြင့် မတည်ပြီး ၂၀၁၀ ပြည့်နှစ်က စတင်ဆောက်လုပ်ခဲ့ကြောင်း၊ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီး ပြီဖြစ်ကြောင်း၊ မုဒြာဟန်အမျိုးမျိုး ရုပ်ပွားတော်များအား အခြားအလှူရှင်များက လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဘုရားဝင်းအတွင်း ဘုရားအလောင်းတော် ဒုက္ကရစရိယာကျင့်စဉ် ကျင့်တော်မူဟန် ရုပ်တုတော်ကြီး၊ ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်တော်မူသည့် ရုပ်ပွားဆင်းတုတော်တို့ အပါအဝင် မုဒြာဟန်အမျိုးမျိုးဖြင့် ရုပ်ပွားဆင်းတုတော် အဆူ ၁၀၀ ကျော်ရှိကြောင်း၊ မုဒြာဟန်ဖြင့် တည်ထားကိုးကွယ်သည့် အချို့မုဒြာဟန် အမူအရာများမှာ အနက်အဓိပ္ပာယ် သဘောတရားများ လွဲမှားနေ၍ ပြန်လည်ပြုပြင်ရန် အတွက် ၂၀၁၈ ခုနှစ် မေ ၁၇ ရက်က ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ကြောင်း၊ ပြန်လည်ပြုပြင်ရမည့် စာရင်းကို သက်ဆိုင်ရာက ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် ပြန်လည်ပြင်ဆင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent