သမီးအရင်းအား အဓမ္မပြုကျင့်ပြီး ရှောင်တိမ်းနေသူကို မြဝတီနယ်စပ်တွင် ဖမ်းဆီးရမိ

သမီးအရင်းအား အဓမ္မပြုကျင့်ပြီး ရှောင်တိမ်းနေသူကို မြဝတီနယ်စပ်တွင် ဖမ်းဆီးရမိ
Published 19 May 2018

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာတွင် မကွေးတိုင်းဒေသကြီးမှ သမီးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးလာသူ တစ်ဦးကို မေ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုမြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် တစ်ဖက်ထိုင်းနိုင်ငံမှ စက်လှေဖြင့် ကူးလာသူ တစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာမှ သမီးအရင်းအား အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၁၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးသူရဇော်သည် တစ်ဖက်ထိုင်းနိုင်ငံမှ စက်လှေဖြင့် ကူးလာသည့်လူ တစ်ဦးအား မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးရုံးတွင် ခေါ်ယူထားပြီး သင်္ဃန်းညီနောင်ရဲစခန်းသို့ အကြောင်းကြားမှုကြောင့် သင်္ဃန်းညီနောင် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေ သင်္ဃန်းညီနောင်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဦး၊ ဦးကျော်မင်းစိုးတို့နှင့်အတူ သွားရောက် စစ်ဆေးမေးမြန်းရာ ၎င်းမှာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ . . . ရွာနေဦးမောင်စိုး (၄၁) နှစ်ဖြစ်ကြောင်း သိရပြီး ၂၀၁၇ ခုနှစ် မေ ၅ ရက် မွန်းလွဲပိုင်းက ၎င်းနေအိမ်၌  ၁၅ နှစ်အရွယ် သမီးအရင်းဖြစ်သူ မ . . . အား သားမယားအဖြစ် ကျူးလွန်သဖြင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဒန့်သလွန်ပင်နယ်မြေ ရဲစခန်းက (ပ)၁၇/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင် နေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ အဆိုပါ တရားခံပြေးအား သင်္ဃန်းညီနောင် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ အမြန်ဆုံး လာရောက် ခေါ်ယူနိုင်ရေး အတွက် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဒန့်သလွန်ပင် နယ်မြေရဲစခန်းသို့ ဆက်သွယ်ထားကြောင်း သိရသည်။

 

Most Read

Most Recent