ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးခန်းခြောက်ခုကို ရှောင်တခင်စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား တရားမဝင်ဆေးကုသသူ၊ တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများ ပါဝင်သည့် ဆေးခန်းများအား တရားစွဲဆို

ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးခန်းခြောက်ခုကို ရှောင်တခင်စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား တရားမဝင်ဆေးကုသသူ၊ တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများ ပါဝင်သည့် ဆေးခန်းများအား တရားစွဲဆို
Published 18 May 2018

မေ ၁၇ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ကိုယ်ပိုင်ဆေးကုဂေဟာများ တွေ့ဆုံပွဲ အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးကုခန်း ခြောက်ခုကို ရှောင်တခင်စစ်ဆေးခဲ့ရာ ယင်းတို့အနက် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများပါဝင်သည့် ဆေးခန်းများအား ဥပဒေအရ တရားစွဲဆို အရေးယူထားကြောင်း မေ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပသည့် ‘ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ကိုယ်ပိုင်ဆေးကုဂေဟာများ တွေ့ဆုံပွဲ’ အခမ်းအနားမှ သိရသည်။

ပုဂ္ဂလိကဆေးကုခန်းများကို ပြီးခဲ့သည့် မတ်နှင့် ဧပြီလများအတွင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များအတွင်းရှိ ပုဂ္ဂလိကဆေးကုခန်း ခြောက်ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦးဆေးခန်းတွင် တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများ တွေ့ရှိခဲ့သည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများဖြင့် အရေးယူထားပြီး The Sun ဆေးခန်းတွင်မူ တရားမဝင်ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုနေသူရှိသည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေများဖြင့် အရေးယူထားကြောင်း သိရသည်။

“လက်ရှိမှာတော့ ဥပဒေအရ ဆေးခန်းနှစ်ခုကို တရားစွဲဆို အရေးယူထားပါတယ်။ ပထမတစ်ခုကတော့ လှိုင်မြို့နယ်က ရောင်နီဦးဆေးခန်းပါ။ ဒုတိယတစ်ခုကတော့ လမ်းမတော်မြို့နယ်က The Sun ဆေးခန်းပါ။ ရောင်နီဦးဆေးခန်း အပေါ်ထပ်ကအခန်းမှာ ခွဲစိတ်ခန်းပါတယ်။ အဲဒီမှာ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ၊ ခွဲစိတ်ရာမှာအသုံးပြုတဲ့ ဝတ်စုံတွေကို တွေ့ပါတယ်။ ဒါမျိုးကျတော့ ၁၆ ခုတင် ဆံ့ဆေးရုံမှာသာရှိရမယ့် ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေကို ရိုးရိုးဆေးခန်းမှာ ထားခွင့်မရှိပါဘူး။ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့ငြိစွန်းပါတယ်။ အဲဒီအချက်က အခန်း (၇) အပိုဒ် (၉) မှာ ပါပါတယ်။ ဒုတိယဆေးခန်းမှာကျတော့ တရုတ်တိုင်းရင်းဆေးလို့ ယူဆရတဲ့ ဆေးအိတ်တွေ၊ ဆေးထုပ်တွေ၊ လိမ်းဆေး၊ သောက်ဆေးတွေကို တွေ့ပါတယ်။ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်တဲ့အတွက် အမျိုးသားဆေးဝါးဥပဒေနဲ့ ငြိစွန်းပါတယ်။ နောက်တစ်ခုက အဲဒီဆေးခန်းမှာပဲ ဆေးကုသမှုပေးနေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားတစ်ဦး တွေ့ပါတယ်။ အဲဒီလူကို မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေနဲ့ အရေးယူပါတယ်။ အရေးယူတဲ့အခါမှာ ဆေးခန်းအလိုက် ဘယ်ဥပဒေကို ဖောက်ဖျက်လဲ။ ဖောက်ဖျက်ကျူးလွန်မှုပေါ် မူတည်ပြီး သက်ဆိုင်ရာဥပဒေအလိုက် အရေးယူတာတွေ လုပ်ဆောင်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒေါက်တာရန်နောင်ထွန်း (ဒုတိယညွှန်ကြားရေးမှူး)က ပြောကြားသည်။