သီလဝါစက်မှုဇုန်အနီးမှဖြတ်၍ ဒလ -ကျောက်တန်း Suspension Bridge (ကြိုးတံတား) တစ်စင်းတည်ဆောက်နိုင်ရန် Master Plan တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ပြောကြား

သီလဝါစက်မှုဇုန်အနီးမှဖြတ်၍ ဒလ -ကျောက်တန်း Suspension Bridge (ကြိုးတံတား) တစ်စင်းတည်ဆောက်နိုင်ရန် Master Plan တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ပြောကြား
Published 16 May 2018

သီလဝါစက်မှုဇုန်အနီးမှဖြတ်၍ ဒလ -ကျောက်တန်း Suspension Bridge (ကြိုးတံတား) တစ်စင်းတည်ဆောက်နိုင်ရန် Suspension Bridge တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နေပြည်တော်၌ မေ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မေးမြန်းသော ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ် ဆက်သွယ်ထားသော တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်အပြင်ပတ်လမ်းအတွက် ရေးဆွဲလျက်ရှိသော Feasibility Study တွင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သန်လျင်၊ ကျောက်တန်းမြို့နယ်များအတွင်းရှိ သီလဝါစက်မှုဇုန် အနီးမှဖြတ်၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း Suspension Bridge (ကြိုးတံတား) တစ်စင်းကို တည်ဆောက်နိုင်ရေး ထည့်သွင်းရေးဆွဲလျက် ရှိပါတယ်။ သို့သော်လည်း ဒီတံတားကြီး တည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ်ပမာဏများ အလွန်များပြားလွန်းတဲ့အတွက် လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနဲ့ နောင်တစ်ချိန်မှာ တည်ဆောက်ပေးနိုင်ရေးအတွက် Master Plan မှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

အဆိုပါတံတားကို တည်ဆောက်ပေးနိုင်မည်ဆိုပါက ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ သံလျင်၊ ကျောက်တန်းဒေသနှင့် အခြားဘက်ကမ်းရှိ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် သီလဝါစက်မှုဇုန်နှင့် ဒလမြို့နယ်တို့အား ဆက်စပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြစ်အား ဖြတ်သန်းတည်ဆောက်မည့် တံတားဖြစ်ပြီး ရန်ကုန်မြစ်အတွင်းရှိ ပင်လယ်ကူးသင်္ဘောကြီးများ အဓိကထားဖြတ်သန်းသွားလာသည့် နေရာဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင်ပါဝင်သည့် အတွင်းပတ်လမ်း Inner Ring Road နှင့် အပြင်ပတ်လမ်း           Outer Ring Road လုပ်ငန်းများကို ၂၀၀၈ - ၂၀၀၉ ကပင် Plan ချမှတ်၍ ဖြစ်တန်စွမ်းကို လေ့လာနေခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ တံတားကို ဥမင်လိုဏ်ခေါင်းပုံ ဖြစ်တန်စွမ်းနှင့် တံတားဖြစ်တန်စွမ်းပုံများကို JICA အစီအစဉ်ဖြင့် IHI Company မှ Proposal တင်ပြထားကြောင်း ဦးကျော်လင်းက ပြောကြားသည်။

ဆက်လက်ပြီး တံတားကြီးအား ဥမင်လိုဏ်ခေါင်းပုံ ဆောက်မည်ဆိုပါက ရန်ကုန်မြို့၏ အောက်ခံမြေသား အခြေအနေအရ ဥမင်လိုဏ်ခေါင်းဖောက်ရန် မသင့်တော်သည့်အတွက် တံတားဆောက်မည်ဆိုလျှင်  Suspension Bridge ပုံစံအတိုင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး တံတား၏ တာဝါတိုင်နှစ်ခုအကျယ်မှာ ခန့်မှန်း ၁၆၀၀ မီတာခန့်ရှိနိုင်ပြီး တံတား၏ စုစုပေါင်း ခန့်မှန်းအရှည် ၂၈၀၀ မီတာခန့်ဖြစ်ကြောင်းနှင့် အဆိုပါ တံတားတည်ဆောက်ပြီးပါက Yangon Outer Ring Road နှင့် ဆက်စပ်မိပြီး တစ်စပ်တစ်ဆက်တည်း ဖြစ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

Most Read

Most Recent