အင်းစိန်မြို့နယ်တွင် အရက်မူးပြီး အော်ဟစ်နေသူအား မအော်ဟစ်ရန် သွားရောက်ပြောဆိုသည့် အမျိုးသားတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရမှုဖြစ်ပွား

အင်းစိန်မြို့နယ်တွင် အရက်မူးပြီး အော်ဟစ်နေသူအား မအော်ဟစ်ရန် သွားရောက်ပြောဆိုသည့် အမျိုးသားတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရမှုဖြစ်ပွား
Published 20 August 2017

အင်းစိန်မြို့နယ်တွင် အရက်မူးပြီး အော်ဟစ်နေသူအား မအော်ဟစ်ရန် သွားရောက်တားမြစ်သည့် အမျိုးသားတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သြဂုတ် ၁၈ ရက် ည ၁၁ နာရီခန့်တွင် အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက်နေ ကို...(၃၈ နှစ်) သည် နေအိမ်၌ရှိနေစဉ် ၎င်းတို့နှင့် တစ်လမ်းတည်းနေ ကို...(၃၂ နှစ်) မှာ ၎င်းနေအိမ်ရှေ့မှ လမ်းဖြတ်လျှောက်သွားပြီး အရက်မူးပြီးအော်ဟစ်နေသဖြင့် မအော်ဟစ်ရန် သွားရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့တားမြစ်စဉ် ၎င်းတို့နှစ်ဦး စကားများပြီး ကို...(၃၈ နှစ်) က ကို... (၃၂ နှစ်) အား စတင်ပါးရိုက်ခဲ့ကြောင်း သိရသည်။

ပါးရိုက်ခံရသဖြင့် ကို... (၃၂ နှစ်) က အသင့်ပါလာသည့် အရှည်ရှစ်လက်မခန့်ရှိ ကော်ရိုးတပ်ကတ်ကြေးဖြင့် ကို...(၃၈ နှစ်) အားထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကတ်ကြေးဖြင့် အထိုးခံရသဖြင့် ကို...(၃၈ နှစ်) မှာ လည်ပင်းယာဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဘယ်လက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကတ်ကြေးဖြင့်ထိုးသူ ကို...(၃၂ နှစ်) အား အင်းစိန်မြို့မရဲစခန်းက (ပ)၂၁၉၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Writer - သီဟအောင်