ယခုနှစ်ကုန်ပိုင်းအထိ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး အဆင်မပြေဖြစ်ခဲ့ပါက ချန်ထားသင့်ပါက ချန်ထားမည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

ယခုနှစ်ကုန်ပိုင်းအထိ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး အဆင်မပြေဖြစ်ခဲ့ပါက ချန်ထားသင့်ပါက ချန်ထားမည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 14 May 2018

ယခုနှစ်ကုန်ပိုင်းအထိ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး အဆင်မပြေဖြစ်ခဲ့ပါက ချန်ထားသင့်ပါက ချန်ထားခဲ့မည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ဟံသာက မေ ၁၂ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းရှိသာသနာ ၂၅၀၀ မွန်ပရိယတ္တိစာသင်တိုက်၌ စတင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ပထမပိုင်းအပြီး မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

“လက်ရှိမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီ ပေါင်းစည်းရေးအတွက် ကျွန်တော်တို့ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ ဗဟိုအနေနဲ့ကလည်း ၂၀၁၈ နှစ်ကုန်အထိကို မွန်နိုင်ငံရေးပါတီ နှစ်ပါတီမပေါင်းဖြစ်ရင် ကျွန်တော်တို့ကတော့ နောက်နည်းလမ်းတစ်ခု ရှာရတော့မယ်။ သဘောကတော့ သူတို့ကိုချန်ထားရင်လည်း ချန်ထားမှာပေါ့ဗျာ” ဟု နိုင်ဟံသာက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျွန်တော်တို့မြင်တာက ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် နည်းနည်းပဲရတယ်။ အဲဒီလို ကိုယ်စားလှယ်နေရာတွေ ဆုံးရှုံးသွားတဲ့အပေါ်မှာ ကျွန်တော်တို့မြင်လိုက်တာက မွန်နိုင်ငံရေးပါတီတွေက စည်းလုံးမှုပြိုကွဲနေတယ်။ အဲဒါကို မွန်သံဃာတော်တွေနဲ့ ဆွေးနွေးပြီးတော့ ပါတီပေါင်းစည်းရေးအတွက် ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်။ ဒါကိုလည်း ဆက်ပြီးတော့ ကြိုးပမ်းသွားပါမယ်။ အခုဆိုရင် ကချင်တွေ၊ ချင်းတွေ၊ ကရင်တွေမှာရှိတဲ့ နိုင်ငံရေးပါတီတွေ တော်တော်လေးကို ပေါင်းနေပြီ။ ဒါကိုလည်း ကျွန်တော်တို့ အတုယူတတ်ရမယ်။ တချို့မပေါင်းလိုတဲ့လူတွေက ဘာပြောလဲဆိုတော့ ခေတ်က ပါတီစုံဒီမိုကရေစီခေတ်တဲ့။ ပါတီတွေ များများရှိဖို့လိုတယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့က ဘယ်လိုမြင်လဲဆိုတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒါမှမဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိသေးခင်ကာလမှာ၊ ကိုယ့်ဦးတည်ချက် မရောက်ခင်ကာလမှာ ကျွန်တော်တို့က ကွဲနေရင် မဲရှုံးနေမှာပဲ။ လောလောဆယ်မှာ ကျွန်တော်တို့စည်းရုံးရမယ်။ နောက်တစ်ချိန် ကိုယ့်မွန်ပြည်နယ်မှာ ကိုယ့်ပြည်နယ်က ကိုယ်စားလှယ်တွေပဲ အစိုးရအနေနဲ့ ဦးဆောင်ခွင့်ရတဲ့ အချိန်ရောက်လာရင် မွန်နိုင်ငံရေးပါတီနှစ်ခု၊ သုံးခုဟာ ပြဿနာမဟုတ်တော့ဘူး” ဟုပြောကြားသည်။

“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကတော့ မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့နဲ့ ချိန်းထားပါတယ်။ ကျွန်တော်တို့အချိန်ရရင် ပါတီပေါင်းစည်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားဖို့ပါ။ သူတို့ကလည်း တောင်းဆိုထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပါတီပေါင်းစည်းရေးအတွက် ကြားဝင်ပေးဖို့အတွက်ပါ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မွန်တစ်ပါတီတည်း ဖြစ်လာနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ဖြစ်လာမယ်လို့လည်း ယုံကြည်တယ်။ ကနေ့ မွန်လူထုတွေကလည်း တော်တော်လေးကို တောင်းဆိုနေတယ်။ မပေါင်းတဲ့ပါတီဆိုရင်တော့ လူထုတွေက သပိတ်မှောက်ကြလိမ့်မယ်။ အဲဒီလိုသဘောထားမျိုး ရှိနေကြတယ်” ဟု နိုင်ဟံသာက ပြောကြားသည်။

မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ပဲခူးပရိယတ္တိ မွန်စာသင်တိုက်ဆရာတော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာအပါအဝင် ခေါင်းဆောင်ငါးဦး၊ မွန်ပညာရှင်များနှင့် ဆရာတော်ကြီးများအပါအဝင် စုစုပေါင်း ၁၅ ဦးဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က မော်လမြိုင်မြို့ သိမ်ကုန်ရပ်ရှိ ပဲခူးပရိယတ္တိ မွန်စာသင်တိုက်တွင် ဖွဲ့စည်းခဲ့ပြီး မွန်နိုင်ငံရေးပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၇ ခုနှစ် ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံတွင် အဆိုပါအဖွဲ့မှ မွန်ပြည်သစ်ပါတီ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီ သုံးပါတီမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ်များတွင်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှ ကိုယ်စားလှယ် သုံးဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ကိုယ်စားလှယ်တစ်ဦးသာ ရွေးကောက်ခံရပြီး အမျိုးသမီးပါတီ (မွန်) မှ ကိုယ်စားလှယ်သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ရာ တစ်ဦးမျှ ရွေးကောက်ခံရခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent