ခန္တီးမြို့နယ်ရှိ တရားမဝင်ရွှေတူးဖော်သူများအား လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လယ်မြေဧက ၂၀၀ ဖော်ထုတ်ပေးအပ်

ခန္တီးမြို့နယ်ရှိ တရားမဝင်ရွှေတူးဖော်သူများအား လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လယ်မြေဧက ၂၀၀ ဖော်ထုတ်ပေးအပ်
Published 14 May 2018

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ တရားမဝင်ရွှေတူးဖော်နေသူများအား လယ်ယာလုပ်ငန်း ပြောင်းလဲလုပ်ကိုင်လာစေရန် လယ်မြေဧက ၂၀၀ ဖော်ထုတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ ဆင်သေ၊ ကင်းတော်၊ နာသိုက်နှင့် လောင်ပကျေးရွာများရှိ မြေလွတ်မြေရိုင်းများတွင် လယ်မြေများဖော်ထုတ်ကာ မေ ၁၃ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင်ရွှေတူးဖော်နေသူများကို လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာစေရန် ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး၏ ပြောကြားချက်အရ သိရသည်။

“ဖော်ထုတ်တာက တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်နဲ့ပေါ့။ လောင်ပရွှေတွင်းမှာဆိုရင် တရားမဝင်ရွှေတူးဖော်တာတွေရှိတယ်။ ရွှေတွင်းရဲ့အောက်ဘက်မှာက ရာသီပေါ်သီးနှံလေးတွေစိုက်ကြတဲ့ ယာခင်းပိုင်ရှင်တွေရှိတယ်။ ရွှေတူးဖော်ပြီး စွန့်ပစ်လိုက်တဲ့မြေစာတွေက အဲဒီယာခင်းတွေ၊ ခြံတွေထဲရောက်သွားတဲ့အခါ အသီးအနှံတွေပျက်ပြီး မကြာခဏ ပြဿနာဖြစ်တာပေါ့။ အဲဒီမတိုင်ခင်ကလည်း တရားမဝင်ရွှေတူးတဲ့လူတွေကို သွားဖမ်းတဲ့အခါ သူတို့ကလည်း အလုပ်အကိုင် အခက်အခဲတွေကြောင့် ရွှေတစ်ရွေး၊ နှစ်ရွေးလောက်နဲ့ တူးဖော်နေတဲ့ လူတွေဖြစ်နေတယ်။ ဒါနဲ့လယ်မြေတွေ အစိုးရဆီမှာ တောင်းပေးမယ်။ ဖော်ထုတ်ပေးမယ်။ ဒါတွေဆက်မလုပ်ပါနဲ့ဆိုတော့ လက်ခံတယ်။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရဆီမှာ တင်ပြပြီး လယ်မြေဖော်ထုတ်ပေးလိုက်တာပေါ့။ အိမ်ခြေအနေနဲ့တွက်ရင် ဧက ၂၀၀ ဆိုတာ ဘာမှမဟုတ်ပေမယ့် လယ်မဲ့ယာမဲ့တွေအတွက်တော့ တော်တော်အဆင်ပြေသွားတာပေါ့။ ဒီလိုလုပ်လိုက်တော့ တရားမဝင်ရွှေတူးတာတွေ တဖြည်းဖြည်းနည်းသွားမယ်။ အဲဒီကနေတစ်ဆင့် ပပျောက်သွားအောင် ကြိုးစားရမှာပေါ့” ဟု ဦးမောင်တေးက ပြောကြားသည်။