မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-S) များတွင် ပါဝင်ခွင့်ရရန် ဆွေးနွေးမည်

မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-S) များတွင် ပါဝင်ခွင့်ရရန် ဆွေးနွေးမည်
Published 13 May 2018

မွန်ပြည်သစ်ပါတီ (MNSP) အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များ၌ ပါဝင်ခွင့်ရရှိရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

“ကျွန်တော်တို့ တောင်းဆိုထားတာကတော့ ကျွန်တော်တို့တပ်ဖွဲ့တွေက မွန်ပြည်နယ်မှာလည်း လှုပ်ရှားမှုရှိတယ်။ ကရင်ပြည်နယ်ထဲမှာလည်း လှုပ်ရှားမှုရှိတယ်။ နောက် တနင်္သာရီတိုင်းမှာလည်း လှုပ်ရှားမှုတွေရှိတယ်။ ပြီးခဲ့တဲ့ဆွေးနွေးမှုအပိုင်းမှာ အစိုးရနဲ့ တပ်မတော်ဘက်က ကျွန်တော်တို့ကို မွန်ပြည်နယ်မှာပဲ JMC-S မှာ ပါဝင်ခွင့်ပေးတယ်။ ကရင်ပြည်နယ်မှာ မပေးဘူး။ တနင်္သာရီတိုင်းမှာမပေးဘူး။ ဆိုတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့တော့ မကျေလည်ဘူးဗျ။ ဥပမာ ကရင်တွေဆိုရင်လည်း တခြားပြည်နယ်တွေမှာ လုပ်ပေးနေတယ်။ ကျွန်တော်တို့ကျတော့ မပေးဘူးဆိုတော့ ဒါက မညီမျှဘူးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့တပ်တွေလည်း ကရင်ပြည်နယ်မှာ လှုပ်ရှားနေတာ အများကြီး။ အဲဒါ ပြဿနာဖြစ်ရင် အဲဒီကရင်ပြည်နယ်က JMC မှာ ပါဝင်ခွင့်မရှိရင် ဘယ်လိုဖြေရှင်းမလဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ မကျေလည်သေးပါဘူး။ ဒီကိစ္စကို ဆက်လက်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ မွန်ပြည်နယ်မှာ တစ်ခုတည်းအနေနဲ့ဆိုရင် ကျွန်တော်တို့ သဘောမတူနိုင်သေးပါဘူး” ဟု မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

ထို့အပြင် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီအား မည်သို့ဖွဲ့စည်းထားသည်ကို မသိရှိသေးကြောင်းနှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရှိသည့် အခြားပြည်နယ်များရှိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများတွင် မွန်ပြည်သစ်ပါတီမှ ပါဝင်ခွင့်မရပါက ဖြေရှင်းခွင့်မရှိနိုင်သလို ဆွေးနွေးရန် လမ်းမပွင့်နိုင်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိမွန်ပြည်နယ်က JMC မှာ ဘယ်လိုဖွဲ့စည်းထားလဲ ကျွန်တော်တို့လည်း မသိသေးဘူး။ သူတို့မှာရှိတဲ့ပုံစံအရ တစ်ဦးလား။ နှစ်ဦးလား။ တပ်မတော်ဘက်က ဘယ်နှဦး၊ သူတို့ဘက်က ဘယ်နှဦး၊ အရပ်ဘက်ဘက်က ဘယ်နှဦး ဒါကို အချိုးညီညီနဲ့တော့ ပါဝင်ရမှာပေါ့။ မွန်ပြည်နယ်မှာ ကရင်တပ်ရှိသလို ကရင်ပြည်နယ်မှာလည်း မွန်တပ်ရှိပါတယ်။ အဲဒါကို EAO လိုင်းကနေ ပြီးတော့ အချိုးဘယ်လောက်ပါရမယ် ဆိုရင်လည်း ဒါကို ကျွန်တော်တို့ နည်းလမ်းရှာရမှာပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့ကတော့ တစ်ဦး၊ နှစ်ဦးမပါရင် ဖြေရှင်းခွင့်မရှိဘူးလို့ ကျွန်တော်တို့မြင်တယ်။ ဆွေးနွေးဖို့ လမ်းမပွင့်ဘူးပေါ့ဗျာ” ဟု နိုင်ဟံသာက ဆက်လက်ပြောကြားသည်။

မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင် သတ်သတ်မှတ်မှတ် အခြေချ အနေအထားမျိုးမရှိဘဲ နယ်မြေလှုပ်ရှားမှု အဆင့်သာရှိသည့်အတွက် အဆိုပါဒေသများရှိ JMC-S များတွင် ပါဝင်ခွင့်ရမရကို လာမည့် JMC-S အစည်းအဝေးများတွင် ဆုံးဖြတ်ချက် ချသွားမည်ဖြစ်ကြောင်း JMC-S (ကရင်)၏ ဒုတိယဥက္ကဋ္ဌ အရပ်သားကိုယ်စားလှယ် စောခရစ္စတိုဖာက The Daily Eleven သတင်းစာကို ပြောကြားသည်။

ဒုတိယဥက္ကဋ္ဌ စောခရစ္စတိုဖာက “အခု မွန်ပြည်သစ်ပါတီကို JMC-U က လက်ခံထားလိုက်ပါပြီ။ သူတို့ဘက်က တောင်းဆိုတာကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာရှိတဲ့ JMC-S တွေမှာ ပါဝင်ခွင့်တောင်းတာပေါ့။ တစ်ခုရှိတာက ကျွန်တော်တို့ လောလောဆယ် စဉ်းစားထားတာက သူတို့အဖွဲ့အစည်းတွေက အဲဒီဒေသတွေမှာလည်းရှိတယ်။ သို့သော် KNU လို သတ်သတ်မှတ်မှတ် နေရာထိုင်ခင်းတွေ မရှိဘူးပေါ့။ နယ်မြေလှုပ်ရှားမှုလေးတွေပဲရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ အကြမ်းဖျင်း ဆွေးနွေးတာကတော့ JMC-S (မွန်) မှာပဲ လောလောဆယ် အတည်ပြုပေးထားတယ်ပေါ့။ သို့သော်လည်း JMC-S (မွန်)မှာရော၊ JMC-S (ကရင်)မှာရော၊ JMC-S (တနင်္သာရီ) မှာရော ပြန်ပြီးတော့ ဆွေးနွေးကြည့်တဲ့အခါမှာ ပါဝင်ဖို့သင့်မသင့်က နောက်မှပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆွေးနွေးထားတာတော့ရှိတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ သက်ဆိုင်ရာ JMC-S တွေအားလုံးက သဘောတူလက်ခံတဲ့အခါကျမှပဲ ဆုံးဖြတ်ချက်ချလို့ရမှာ ဖြစ်ပါတယ်။ မွန်အနေနဲ့ကတော့ သူတို့သုံးနေရာစလုံးမှာ ပါဝင်ခွင့်ရှိပါတယ်။ ဒါပေမယ်လို့ အခြေချ အနေအထားမျိုး မရှိတဲ့အတွက်ကြောင့်၊ လှုပ်ရှားအဆင့်ပဲရှိတဲ့အတွက်ကြောင့် JMC-S တွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကတော့ လာမယ့် JMC-S အစည်းအဝေးတွေမှပဲ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-S (မွန်) တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အပါအဝင် ပြည်နယ် အစိုးရအဖွဲ့ဝင် လုံ/နယ်ဝန်ကြီးနှင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရကိုယ်စားလှယ် ခုနစ်ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KNU မှ တပ်ဖွဲ့ဝင်များနှင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ် ခုနစ်ဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။