ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သတင်းများထွက်ပေါ်

ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သတင်းများထွက်ပေါ်
Published 13 May 2018

NLD အစိုးရ၏ ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) တို့က စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်မှု မေ ၁၂ ရက် က ဖြစ်ပွားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားမှုအရ ကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က ခေါ်ယူစစ်ဆေးနေသော ပြည်ထောင်စုဝန်ကြီးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဖြစ်ပြီး ဦးကျော်ဝင်း၏ သားဖြစ်သူကိုပါ ဆက်စပ် စစ်ဆေးနေသည်ဟု ကနဦးသတင်းများ ထွက်ပေါ်ခဲ့ကာ အဆိုပါစစ်ဆေးသည်ဆိုသည့် အကြောင်းအရာအပေါ် လူမှုကွန်ရက်တွင် ဒေါက်တာဦးမြင့်က အကြံပြုခဲ့သည့် “ငါးကြီးကြီးကြော်ပြီ။ ကိုယ့်ကန်ထဲက ငါးအရင်ကြော်ပြီ” စသည့် ညွှန်းဆိုမှုများနှင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ထိုသို့ သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက “ကျွန်တော့်ဌာနက လုပ်တာမရှိဘူးဗျ။ ကော်မရှင်က လုပ်ရင်တော့ မသိဘူး။ ကျွန်တော်တို့ အဂတိကတော့ လိုအပ်လို့ရှိရင် ကျွန်တော်တို့ ဥပဒေအရ တွဲဖက်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် တာဝန်ပေးလို့ ရတယ်လေ။ အဲဒီအတွက်ကြောင့် တွဲဖက်ထားတာလေးတွေ ရှိပါတယ်။ အရင်စဖွဲ့ကတည်းကိုက တွဲတာလေးတွေ ရှိပါတယ်။ သူတို့ လိုအပ်လို့ စစ်ဖို့၊ ဆေးဖို့ ကိစ္စလေးတွေရှိရင် ခေါ်တာလေးတွေ ရှိပါတယ်။ ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ပေးထားတာ မရှိပါဘူး။ ကျွန်တော့်ဌာနက တစ်စုံတစ်ရာ ဆောင်ရွက်တာ မရှိပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့လည်း တစ်စုံတစ်ရာ မသိရှိပါဘူး။ ကျွန်တော် တိတိကျကျပြောနိုင်တာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်တာ ဘာမှမရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှထူးထူးခြားခြား သိတာလည်း မရှိပါဘူး။ ဆောင်ရွက်တာလည်း မရှိပါဘူး” ဟု ပြောကြားသည်။

သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်း ၃၀ ခန့် တာဝန်တွဲဖက် ယူထားကာ ကော်မရှင်နှင့် တွဲဖက် “စစစ” တာဝန်ရှိသူများက စစ်ဆေးမှုဖြစ်နိုင်သည်ဟု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်အား ယင်းဖြစ်စဉ်အပေါ် အတည်ပြုချက်ရယူရန် ဆက်သွယ်ရာ ဖုန်းပိတ်ထားပြီး ဒေါ်လဲ့လဲ့သွင်အား ဆက်သွယ်ရာ ကနဦး ဖုန်းကိုင်ဆောင်သော်လည်း ချက်ချင်း ဖုန်းချခဲ့သည်။ ထို့ကြောင့် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား ဆက်သွယ်ရာတွင်လည်း Can't talk now. Call me Later? ဟုသာ တုံ့ပြန်ခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေဖြင့် မေ ၁၁ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ လစဉ်ပုံမှန် ကျင်းပသည့် ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်မှု မရှိသော်လည်း လက်ရှိ စစ်ဆေးခံနေရကြောင်း သတင်းထွက်သည့် မေ ၁၂ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန Facebook တွင် ပုံနှင့်တကွ ဖော်ပြထားပြီး အဆိုပါ အစည်းအဝေးတွင် အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်တစ်ခုနှင့် အတည်ပြုမိန့်နှစ်ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် NLD အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် ဒေါက်တာဘွဲ့လက်မှတ် အတုပြဿနာကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ကာလများတွင်လည်း အလွန်အကျူး ညွှန်းဆိုသည့် စကားများကြောင့် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

Most Read

Most Recent